အကြိုဗိုလ်လုပွဲမှာ ဒိုင်ဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ ဖီဖာဆီ မော်ရိုကို တိုင်ကြားစာပို့

မော်ရိုကို ဘောလုံးအဖွဲ့ချုပ် (FMRF)ဟာ ပြင်သစ်ကို အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လု ပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်နဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဆီ အရေးဆို တိုင်ကြားခဲ့ပါတယ်။

 

မော်ရိုကိုဟာ အာရပ် နိုင်ငံတစ်ခု၊ အာဖရိက နိုင်ငံတစ်ခု အနေနဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပေမယ့် ဆုဖလားနဲ့ လက်တစ်ကမ်းလောက်အကွာ အကြိုဗိုလ်လုပွဲမှာတော့ လက်ရှိ ချန်ပီယံ ပြင်သစ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

 

အဲဒီပွဲရဲ့ ပထမပိုင်းမှာ မက္ကဆီကို ကွင်းလယ်ဒိုင် ဆီဇာ ရာမို့စ်ဟာ မော်ရိုကို ရသင့်တဲ့ ပင်နယ်တီ တစ်လုံးကို ငြင်းပယ်သွားခဲ့တယ်လို့ FMRFက ယုံကြည်နေပါတယ်။ အဲဒီဖြစ်စဉ်မှာ ပြင်သစ် နောက်ခံလူ သီယို ဟာနန်ဒက်ဇ်က ပင်နယ်တီ ဧရိယာထဲမှာ မော်ရိုကို ကစားသမား ဆိုဖီယာနီ ဘူဖဲလ်ကို ခပ်ကြမ်းကြမ်း ဝင်ဖျက်ထုတ်ခဲ့ပေမယ့် ကိုယ်တိုင် အနာတရ ဖြစ်သွားပါတယ်။

 

အဲဒါကို ကွင်းလယ်ဒိုင်က မော်ရိုကိုအတွက် ပင်နယ်တီ ကန်ခွင့် ပေးမယ့်အစား ပြစ်ဒဏ်ဘောလို့ သတ်မှတ်ပြီး ဘူဖဲလ်ကိုပါ အဝါကတ်ပြား ပြသ သတိပေးခဲ့ပါတယ်။ တကယ်လို့သာ အဲဒီကိစ္စကို ပင်နယ်တီ သတ်မှတ်ပြီး​ မော်ရိုကိုကသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ရလဒ်ပိုင်းအရလည်း အလှည့်အပြောင်းတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

 

မော်ရိုကိုသားတွေဟာ ပြစ်ဒဏ်​ဘော ကန်တင်ပေးချိန် ဘောလုံးလက်ခံယူဖို့ စောင့်နေတဲ့ ဆီလင်မ် အမာလာကို ပင်နယ်တီ ဧရိယာထဲမှာ လှဲချခံရတဲ့ ကိစ္စမှာလည်း ဒိုင်လူကြီးက ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ယူဆပြီး စိတ်ပျက်နေကြပါတယ်။

 

အကြိုဗိုလ်လုပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ မော်ရိုကိုအတွက် နစ်နာစေခဲ့ကြောင်း၊ မော်ရိုကို ရသင့်တဲ့ ပင်နယ်တီ နှစ်ကြိမ်လောက်ကို မျက်ကွယ်ပြုခဲ့တယ်လို့ ခံစားရတဲ့အတွက် ဖီဖာဆီ တရားဝင် စာရေးသား အရေးဆို ကန့်ကွက်ထားကြောင်း FMRFက ထုတ်ပြန်ပါတယ်။ ပိုပြီး ဆိုးရွားတာက အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဒိုင်လူကြီးတွေကို အကူအညီ ပေးရမယ့် ဗီဒီယို စစ်ဆေးမှု စနစ် VARဖက်ကလည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘူးလို့ FMRFရဲ့ စာထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။

 

ပထမ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မော်ရိုကိုဟာ သေချာပေါက် ပင်နယ်တီ ရသင့်တယ်ဆိုတဲ့ အမြင်မျိုးကို ဘောလုံးကျွမ်းကျင်သူတွေ၊ ရုပ်မြင်သံကြား အစီအစဉ်မှူးတွေနဲ့ ပရိသတ်တွေ အများအပြားက ဝေဖန် ပြောဆိုထားကြပါတယ်။  

 

အခုအခါမှာတော့ မော်ရိုကို အသင်းဟာ ခရိုအေးရှားနဲ့ ရင်ဆိုင်ရမယ့် တတိယ နေရာလုပွဲ အတွက်ပဲ အာရုံ စိုက်ရတော့မှာပါ။ အဲဒီပွဲကို နိုင်ရင်တော့ ကမ္ဘာ့ဖလား ကြေးတံဆိပ်ဆုရ ပထမဆုံး အာဖရိကနဲ့ အာရပ်အသင်းအဖြစ်လည်း မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။