ပေါ်တူဂီအသင်း နည်းပြချုပ် ဆန်းတို့စ် ထုတ်ပယ်ခံရ

ကမ္ဘာ့ဖလားမှာ ထင်တိုင်း မပေါက်ခဲ့တဲ့နောက် အသင်းရဲ့ နည်းပြချုပ် ဖာနန်ဒို ဆန်းတို့စ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ် (FPF)က ထုတ်ပြန်ခဲ့ပါတယ်။

 

ပေါ်တူဂီဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ထင်ကြေးပေးခံရတဲ့ နာမည်ကြီး အသင်းတွေထဲမှာ ပါဝင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အကြိုဗိုလ်လုပွဲ အဆင့်ကိုတောင် မရောက်ခဲ့ပါဘူး။ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပေါ်တူဂီဟာ ဖျက်မြင်းအသင်းလို့ ပြောရမယ့် မော်ရိုကိုနဲ့ တွေ့ခဲ့ပြီး ဂိုးပေါက် ပျောက်ခဲ့တာကြောင့် ၁-၀ နဲ့ အရေးနိမ့် ထွက်ခွာခဲ့ရပါတယ်။

 

ဒီအတောအတွင်း ဆန်းတို့စ်နဲ့ ပေါ်တူဂီရဲ့ ထာဝရ သွင်းဂိုးအများဆုံး ကစားသမားဖြစ်သူ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကြား ပြဿနာတွေ ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့ခဲ့ပါသေးတယ်။ ဆန်းတို့စ်ဟာ ကမ္ဘာ့ဖလား နောက်ဆုံးပွဲစဉ် ၂ ခုမှာ ရော်နယ်လ်ဒိုကို အရန်လူ အဖြစ်သာ အသုံးပြုခဲ့ပါတယ်။

 

ဆန်းတို့စ်ဟာ ပေါ်တူဂီ အသင်းကို ၂၀၁၆ ခုနှစ် ဥရောပဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးခဲ့ဖူးပါတယ်။ ဒါဟာ အသင်းရဲ့ သမိုင်းတလျှောက် ရရှိဖူးတဲ့ တစ်ခုတည်းသော အထင်ကရ ဆုဖလားလည်း ဖြစ်ပါတယ်။ အခုတော့ အသင်းမှာ ၈ နှစ်ကြာ ဦးဆောင်မှု ပေးခဲ့တဲ့ ဆန်းတို့စ်နဲ့ လမ်းခွဲလိုက်ပြီလို့ FPFက အတည်ပြုခဲ့ပါတယ်။

 

ပေါ်တူဂီဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ကြီးနိုင်ပြီး ခြေစွမ်းပြခဲ့ပေမယ့် မော်ရိုကိုနဲ့ ပွဲမှာတော့ စိတ်ပျက်စရာ ကောင်းလောက်အောင် တိုက်စစ်ပိုင်း လွဲချော်မှုတွေ ကြုံတွေ့ခဲ့ပြီး ခါးသီးတဲ့ အရှုံးရလဒ်နဲ့ ကြုံခဲ့ရတာပါ။ လောလောဆယ်တော့ ပြင်သစ်ကလပ် လိုင်လီ အသင်းကို ကိုင်တွယ်နေတဲ့ ပေါ်တူဂီသား မန်နေဂျာ ပေါ်လို ဖွန်ဆီကာဟာ ဆန်းတို့စ်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ အလားအလာ အကောင်းဆုံးအဖြစ် ရေပန်းစားနေပါတယ်။

 

FPFဟာ ဖွန်ဆီကာအပြင် ရိုးမားအသင်းရဲ့ မန်နေဂျာ ဟိုဆေးမော်ရင်ဟိုကိုပါ အသင်း နည်းပြချုပ် ရာထူးအတွက် စဉ်းစားနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။