ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော် နဲ့ တပ်ကြပ် ဇော်မင်းဦး တို့ကို ဒီဇင်ဘာလ (၁၀) ရက် မွန်းလွဲပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က သတင်းထုတ်ပြန်ပါတယ်။
ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် BMB KTV နဲ့မာဆပ်ကိုမြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာပါအဝင် သုံးဦးရောက်ရှိနေကြောင်း ပြည်သူတချို့ကသတင်းပေးလာတဲ့အတွက် PDF Kalay တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” သူက အာဏာသိမ်းကတည်းက ဘဏ်ဝန်ထမ်းတွေကို CDM မဝင်ဖို့စည်းရုံးနေတဲ့လူ။ CDM ဝင်တဲ့သူတွေကိုလည်းခြိမ်းခြောက်တယ်ပြောတယ်” လို့ ဘဏ်မန်နေဂျာနဲ့ပတ်သက်ပြီး ကလေးမြို့ခံတဦးကပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တရားခံတွေကို တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေဆီ ခေါ်ဆောင်နေချိန် တပ်ကြပ် မင်းဇော်ဦးက ပြန်လည်ခုခံပြီး ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံးရဲ့ ညွှန်ကြားချက်အရ ကလေးမြို့နယ် တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့တရားစွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး တရားခံတွေကို နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းတွေ နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ KPS ကထုတ်ပြန်ထားပါတယ်။