ကလေးမြို့၊ မြို့လှရပ်ကွက်မှာ မိုင်းပေါက်ကွဲပြီး အမျိုးသမီးတဦးဒဏ်ရာရ

ကလေးမြို့အနောက်ဘက်၊မြို့လှရပ်ကွက်မှာ ဒီဇင်ဘာ( ၅) ရက် ညနေသုံးနာရီဝန်းကျင်မှာ မိုင်းတလုံးပေါက်ကွဲပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။

” လမ်းဆုံနားက ကွမ်းယာဆိုင်မှာဖြစ်တာ၊ ကွမ်းယာဆိုင်တော့ တော်တော်ပျက်စီးသွားတယ်၊ လူသုံးလေးယောက်လောက်ရှိတာ၊အမျိုးသမီးတစ်ယောက် ခြေထောက်မှာဒဏ်ရာရတယ်၊ ပြင်းပြင်း ထန်ထန် တော့မဟုတ်ဘူး” လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။ အဲ့ဒီနေရာမှာပေါက်ကွဲတဲ့မိုင်းဟာ ဘယ်သူထောင်တယ်ဆိုတာ သိရှိရခြင်းမရှိသေးပါဘူး။

” ဘယ်သူထောင်တယ်ဆိုတာ မသိဘူးဗျ၊ ခုရက်ပိုင်းအတွင်း ရပ်ကွက်ထဲမှာ သူတို့(စကစ) တွေပဲရှိတာ၊ ညဆိုလည်းအရပ်ဝတ်နဲ့လှည့်ကြတယ်” လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။

ကလေးမြို့အတွင်းမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ပိုင်ရှင်မဲ့ဗုံးနဲ့မိုင်းတချို့တွေ့ရှိခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်၊အဲ့ဒီဖြစ်စဉ်တွေဟာ စစ်ကောင်စီကတမင်လုပ်ကြံဖန်တီးမှုတွေဖြစ်တယ်လို့ မြို့ခံအများစုက ယူဆကြပါတယ်။

“ကျွန်တော်တို့ကာကွယ်ရေးအင်အားစုတွေဘက်က အမှားလုပ်တာ၊ပြည်သူတွေကြားမှာ ထောင်တာမျိုးမရှိခဲ့ဖူးပါဘူး” လို့ ကလေးမြို့ကကာကွယ်ရေးအင်အားစုဝင်တဦးကဆိုပါတယ်။ ကလေးမြို့ကမြို့ပြပျောက်ကြားစစ်ဆင်ရေးတွေကို Operation Mo Mo လို့အမည်ပေးထားတဲ့ PDF Kalay PDF ခွဲက လုပ်ဆောင်လေ့ရှိပြီး အဲ့ဒီအဖွဲ့က သူတို့လုပ်တဲ့ မြို့တွင်းတိုက်ခိုက်မှုတွေကိုတရားဝင်ထုတ်ပြန်လေ့ရှိပါတယ်။

” ကျွန်တော်တို့ကလေး(PDFတွေ)က လုပ်သမျှဖြစ်သမျှကို တရားဝင်ထုတ်ပြန်ကြတာပဲ။ ပြီးခဲ့တဲ့သုံးလေးလက တာဟန်းမှာ ကုန်စိမ်း(ရောင်းတဲ့)အမျိုးသမီးကြီးတယောက် စခတွေကိုခွဲတဲ့မိုင်းမှာ မတော်တဆပါသွားတာတောင် တရားဝင်ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့တာပဲ၊ ကလေးတွေလုပ်တာမဖြစ်နိုင်ပါဘူး” လို့ ဒေသကာကွယ်ရေးအင် အားစုတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။