မြေမြုပ်မိုင်းတွေကြောင့် စစ်ရှောင်တွေနေရပ်ကို အစောတလျှင်မပြန်ကြဖို့ သတိပေးထား

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီး နောက်မှာ စစ်ရှောင်ဒေသခံတွေအနေနဲ့ အစောတလျှင်မပြန်ကြဖို့ ကာကွယ်ရေးနဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့အသီးသီးက သတိပေးထားပါတယ်။
စစ်ကောင်စီတပ်တွေ တပ်စွဲရာနေရာတွေမှာ မြေမြုပ်မိုင်းတွေ ထောင်းထားလေ့ရှိပြီး အသိမ်းခံရတဲ့နေရာကို အင်အားအလွန်အကျွံသုံးပြီး ပြန်လည်တိုက်ခိုက်မှု လုပ်လေ့ရှိတာကြောင့် အခုလိုမျိုး သတိပေးထားရတာဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုထွန်းက ပြောပါတယ်။
ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) အဖွဲ့က ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကို ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ပြန်လည်သိမ်းယူထားပြီး မိုင်းရှင်းလင်းရေးများလုပ်ဆောင်ရာမှာ တပ်ဖွဲ့ဝင် ၃ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ သေးဆူလဲ ကျေးရွာကို ဒေသခံတဉီးပြန်လာရာမှ မိုင်းထိပြီး အသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။