စစ်ပွဲ ရပ်နားရေး မဆွေးနွေးခင် သိမ်းပိုက်နယ်မြေတွေကိစ္စ အသိအမှတ်ပြုရမယ်လို့ ရုရှားတောင်းဆို  

ယူကရိန်း နယ်မြေတွေကို ရုရှားသိမ်းပိုက်မှုအပေါ် အသိအမှတ် မပြုမချင်း အနောက်နိုင်ငံတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ ခက်ခဲနေဦးမှာ ဖြစ်တယ်လို့ ရုရှား အစိုးရက ပြောကြားခဲ့ပါတယ်။

 ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းနိုင်ရေး ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ပေးထားမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရုရှားရဲ့ နယ်မြေ အသစ်တွေ တိုးလာမှုကို အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေဖက်က အသိအမှတ် ပြုမှသာ ဒီကိစ္စ ချောမွေ့လာမှာဖြစ်ကြောင်း ကရင်မလင် နန်းတော်ဖက်က ဆိုပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းရဲ့ နယ်မြေ ၄ ခုကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာထားပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ယူကရိန်းနဲ့ NATO မဟာမိတ် နိုင်ငံတွေကတော့ အဲဒီကိစ္စကို လုံးဝ အသိအမှတ် မပြုပါဘူး။ 

ရုရှားရဲ့ နယ်မြေသစ်တွေ တိုးပွားလာမှုကို အနောက်နိုင်ငံတွေက အသိအမှတ် မပြုသ၍ တွေ့ဆုံဆွေးနွေးရေး ကိစ္စဟာ ခက်သထက် ခက်နေလိမ့်မယ်လို့လည်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်ကော့ဗ်က သတိပေးခဲ့ပါတယ်။ 

အခုသီတင်းပတ်ထဲမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ၉ လကျော် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမှန်တကယ် ဆန္ဒရှိရိုးမှန်ရင် တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်မြောက်လာနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့တဲ့နောက် ရုရှားဖက်က အခုလို လေသံလွှင့်လာတာပါ။ အစောပိုင်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ စစ်ပြေငြိမ်းရေးအတွက် ယူကရိန်းက ပိုင်နက်နယ်မြေ တစ်လက်မတောင် အဆုံးရှုံး မခံနိုင်ဘူးလို့ ပြောဆိုထားဖူးပါတယ်။

 ယူကရိန်းနဲ့ ရုရှားတို့ဟာ စစ်ပွဲကာလအတွင်း ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေကို အတိအကျ မထုတ်ပြန်ထားပေမယ့် ယူကရိန်း စစ်ဘက် အရာရှိကြီး တစ်ဦးကတော့ ၉ လကျော်ကြာ တိုက်ပွဲတွေအတွင်း ယူကရိန်း စစ်သည် ၁၀၀၀၀ နဲ့ ၁၃၀၀၀ ကြားလောက် အကျအဆုံး ရှိနိုင်ကြောင်း ခန့်မှန်း မှတ်ချက်ပြုထားပါတယ်။