ထောင်ကျ ရာဇဝတ်သားတွေကို တပ်သားသစ်အဖြစ် လိုက်စုဆောင်းနေရတဲ့ ရုရှား ကြေးစားတပ်ဖွဲ့

Photo – Twitter

 ရုရှားစစ်တပ်ရဲ့ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် အကျဉ်းထောင်တွေဆီ လှည့်လည်ပြီး ရာဇဝတ်သားတွေကို တပ်သားသစ်အဖြစ် လူလိုက်စုနေကြောင်း သိရပါတယ်။

 ဝက်ဂ်နာ တပ်ဖွဲ့ဟာ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ တစ်ခုရဲ့ လက်နက်ကိုင် တပ်လိုလို၊ ရုရှားစစ်တပ်ရဲ့ အရန်တပ်ဖွဲ့ တစ်ခုလိုလို ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာတော့ ရုရှားစစ်တပ်အတွက် ကူညီ တိုက်ခိုက်ပေးနေတဲ့ ကြေးစားတပ်ဖွဲ့အဖြစ် ရပ်တည်နေပါတယ်။

 ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲမှာလည်း ကြေးစားစစ်သားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၇ လတာ ကာလအတွင်း ယူကရိန်း စစ်မြေပြင်မှာ ရုရှားစစ်တပ်တွေရော၊ ကြေးစားတပ်သားတွေပါ ပြုန်းတီးတဲ့ အရေအတွက် အရမ်းများပြားခဲ့တဲ့အပြင် ရုရှားအနေနဲ့ တပ်သားသစ်တွေ စုဆောင်းဖို့ပါ အခက်ကြုံလာရပါတယ်။

 ပေါက်ကြားလာတဲ့ ဗီဒီယို တစ်ခုမှာတော့ ဝက်ဂ်နာရဲ့ အကြီးအကဲဖြစ်သူ ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်းက အကျဉ်းထောင် တစ်ခုထဲမှာ ထောင်သားတော်တော်များများကို လူစုစေပြီး ဆွယ်တရား ဟောနေတာကို တွေ့ရပါတယ်။ ပရီဂေါ့ဇင်းက အကျဉ်းသားတွေ အနေနဲ့ သူ့အဖွဲ့ထဲမှာ ပူးပေါင်းပြီး စစ်မှုထမ်းကြမယ်ဆိုရင် ပြစ်ဒဏ် လျှော့ပေါ့ ခံစားခွင့် ရစေမယ်လို့ အာမခံနေခဲ့တာ ဖြစ်ပါတယ်။

 ဒီဗီဒီယိုက ရုရှားစစ်တပ်ဟာ ယူကရိန်း စစ်ပွဲကြောင့် အင်အားဆုတ်ယုတ်လာပြီး လူသစ်စုဆောင်းဖို့ ခက်ခဲနေတယ်ဆိုတဲ့ ထင်ကြေးတွေ မှန်ကန်ကြောင်း ပိုမိုခိုင်မာသွားစေပါတယ်။ ရုရှားနိုင်ငံရဲ့ ဥပဒေတွေအရ ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေဟာ စစ်မှုထမ်းပြီး ပြစ်ဒဏ်ကို ချေဖျက်လို့ မရပါဘူး။ ဒါပေမဲ့ ဗီဒီယိုထဲမှာတော့ ပရီဂေါ့ဇင်းက သူ့တပ်ထဲမှာ ပါဝင်မယ်ဆိုရင် ဘယ်သူမှ ထောင်ထဲ ပြန်မရောက်စေရဘူးလို့ ရဲရဲကြီး မက်လုံးပေးနေတာ တွေ့ရပါတယ်။

 ဝက်ဂ်နာ အဖွဲ့ထဲမှာ ၆ လ စစ်မှုထမ်းပြီးရင် ပြစ်ဒဏ်တွေကနေ လုံးဝ လွတ်မြောက်ခွင့် ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ယူကရိန်း စစ်မြေပြင်ရောက်မှ စစ်မတိုက်ဘဲ ထွက်ပြေးတာမျိုး လုပ်ခဲ့ရင်တော့ ကွပ်မျက်ခံရမှာဖြစ်ကြောင်း သူက အဲဒီ ဗီဒီယိုထဲမှာ ခြိမ်းခြောက် ပြောဆိုနေခဲ့ပါသေးတယ်။

 BBC သတင်းဌာနကတော့ မျက်နှာ စစ်ဆေးမှု Softwareတွေနဲ့ တိုက်ဆိုင်ကြည့်တဲ့အခါမှာ အဲဒီ အရည်အသွေး သိပ်မကောင်းလှတဲ့ ဗီဒီယိုထဲက ပုဂ္ဂိုလ်ဟာ ပရီဂေါ့ဇင်း ဖြစ်တယ်ဆိုတာ ၈၀ ရာခိုင်နှုန်းလောက် သေချာကြောင်း ဖော်ပြခဲ့ပါတယ်။ ပရီဂေါ့ဇင်းနဲ့ တွေ့ကြုံဖူးသူ တချို့ကလည်း ဗီဒီယိုထဲက လူရဲ့အသံအရ ပရီဂေါ့ဇင်းလို့ တပ်အပ် ပြောနိုင်ကြောင်း မှတ်ချက် ပေးခဲ့ကြပါတယ်။

 ပရီဂေါ့ဇင်းရဲ့ ကိုယ်ပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ ကွန်းကော့ဒ်ကတော့ ဗီဒီယိုထဲကလူဟာ သူဟုတ်မဟုတ် ဆိုတာကို ငြင်းဆန်တာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေပါတယ်။ ရုရှားဟာ ယူကရိန်း၊ ဆီးရီးယားနဲ့ အာဖရိက ဒေသက စစ်ပွဲတချို့မှာ ဝက်ဂ်နာရဲ့ ကြေးစားတပ်ဖွဲ့ဝင်တွေကို အသုံးပြုပြီး တိုက်ပွဲဝင်စေခဲ့ဖူးပါတယ်။