ဘုန်းကြီးကျောင်းတွေမှာ ညအိပ်ဧည့်သည် လက်မခံဖို့ သံဃနာယကအဖွဲ့စာထုတ်

ရန်ကုန်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ဧည့်သည်လက်မခံရဘူးလို့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က အခုလထဲမှာ စာထုတ်တားမြစ်ထားတယ်လို့ ဘုန်းတော်ကြီးကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေမှာ ညအိပ်ဧည့်သည်လက်ခံတာတွေဟာ လုယက်မှုနဲ့ ဒုစရိုက်မှုတွေ ဖြစ်စေတယ်လို့ သံဃနာယကအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် ဧည့်သည်လက်ခံရင် သက်ဆိုင်ရာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော်က ထုတ်ပြန်လိုက်တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော်က ထုတ်ပြန်ထားတာဖြစ်ပြီး ရန်ကုန် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်တွေ မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခရိုင်သာသနာရေးမှူးတွေကနေတဆင့် မြို့နယ်အသီးသီးက ဘုန်းတော်ကြီးကျောင်းတွေကို ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ကြီးတွေမှာ စစ်ကောင်စီက ဧည့်စာရင်းစနစ်ကို ပြန်အသက်သွင်းပြီး ညဘက်တွေမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကို ဆက်တိုက်ဖမ်းဆီးနေပါတယ်။ အလားတူပဲ စစ်အာဏာသိမ်းတာကိုဆန့်ကျင်မှုအားကောင်းတဲ့ မန္တလေးမြို့မှာလည်း ဘုန်းတော်ကြီးကျောင်းတွေမှာ ညဘက်စစ်ဆေးတာတွေနဲ့ သံယာတော်တွေကို ဖမ်းဆီးတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။