အာဏာသိမ်းကာလအတွင်း အမျိုးသမီးနဲ့မိန်းကလေးငယ် သုံးရာကျော် စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်သေဆုံး

စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီကနေ့ စစ်တပ်ရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်ပစ်ခတ်မှုတွေကြား အမျိုးသမီနဲ့ မိန်းကလေးငယ် ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ Free Expression Myanmar က နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” မှာ အာဏာသိမ်းမှုကြောင့် အသံတိတ်အောင် နှုတ်ပိတ်သတ်ဖြတ်ခံခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေးငယ် အယောက် (၃၀၀) ကျော်ကို အောက်မေ့သတိရခြင်း အနေနဲ့ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့တာပါ။

စစ်တပ်ရဲ့ သတ်ဖြတ်မှုကို ခံရသူတွေထဲက အမျိုးသမီး ၅၈ ဦးဟာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေနဲ့ အသံတွေကို တည်ဆောက်နေဆဲဖြစ်တဲ့ ကလေးငယ်တွေဖြစ်ပြီး အသက် ၁၂ နှစ်အောက် မိန်းကလေးငယ်အယောက် ၃၀ အထိ ပါဝင်နေပါတယ်။

အဲဒီအထဲက ကလေးငယ် ၁၂ ဦးကတော့ အသက်ရှင်စဉ်အခါက ကျောင်းတောင်မနေဖူးတဲ့ ကလေးငယ်တွေဖြစ်နေတယ်လို့ FEM က စစ်တမ်းကောက်ယူထားတာတွေကို ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လထဲမှာလည်း မကွေးတိုင်းအတွင်းက သပိတ်မှောက်သူနာပြုဆရာမ ဒေါ်ဇာလီနိုင်နဲ့ ဒေါ်ခင်နှင်းဝေတို့ကို စစ်တပ်က သတ်ဖြတ်မီးရှို့ခဲ့သလို ရခိုင်ပြည်နည်မှာလည်း အသက် ၂ နှစ်အရွယ်ရှိတဲ့ မရွှေယွန်းအိမ်ဟာလည်း မိခင်ဖြစ်သူနဲ့အတူ ထောင်တွင်းမှာရှိနေချိန် ဆေးကုသခွင့်ငြင်းပယ်ခံရပြီး သေဆုံးခဲ့ရပါတယ်။

ဒီသေဆုံးမှုတွေဟာ မတော်တဆ သေဆုံးမှုတွေမဟုတ်ဘဲ စစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ သေဆုံးစေတဲ့ ဖြစ်ရပ်သို့မဟုတ် အလွန်အမင်း လျစ်လျူရူမှုတွေကြောင့် ဖြစ်တယ်လို့ Free Expression Myanmar က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ကျောင်းသူနဲ့ ဆန္ဒပြရာမှာ ပါဝင်တဲ့အမျိုးသမီးတွေ၊ CDM ပြုလုပ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတွေနဲ့ အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အလုပ်သမားထုနဲ့ သာမာန်ပြည်သူ အမျိုးသမီးတွေဟာ စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ကြရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင့်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေး ၁၇ ဦးထက်မနည်းဟာ ဆိုရင် စစ်တပ်ရဲ့ အဓမ္မပြုကျင့်သတ်ဖြတ်တာခံလိုက်ရတာကိုလည် FEM ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေအတွက် အာဏာသိမ်းစစ်တပ်ဟာ အနာဂါတ်လွတ်လပ်တဲ့ ဖက်ဒရယ် မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေကို တာဝန်ခံရမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။

တဖက်မှာလည်း စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်း ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးအရေအတွက် ၃၀၀၀ ကျော်အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းးသားများ ကူညီစောင့်ရှောင့်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။