Lockdown ကြေညာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဘေဂျင်းမှာ အထိတ်တလန့် စျေးဝယ်နေကြ 

ရုတ်တရက် Lockdown ချလိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်က ဒေသခံတွေဟာ အထိတ်တလန့်နဲ့ ကြိုတင် စျေး​ဝယ် စုဆောင်းမှု (Panic Buying)တွေ ပြုလုပ်နေကြပါတယ်။ 

နိုဝင်ဘာ ၂၅ ရက်က ဘေဂျင်းမှာရှိတဲ့ စျေးဝယ်စင်တာ တချို့ဟာ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ တက်တက်ပြောင်လု နီးပါးထိ ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ ဘေဂျင်း အပါအဝင် တရုတ်က ဒေသတချို့မှာ ကိုဗစ်ရောဂါ ကူးစက်နှုန်း ပြန်လည် မြင့်တက်လာတဲ့နောက် အစိုးရက Lockdown ချနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာပြီး အခုလို အထိတ်တလန့် စျေးဝယ်မှုတွေ ဖြစ်လာတာပါ။ 

ကမ္ဘာ့နိုင်ငံ အများစုမှာ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံအတွက် Lockdownချတဲ့ နည်းလမ်းမျိုးတွေကို မသုံးတော့ပေမယ့်လည်း တရုတ် အစိုးရကတော့ ဇီးရိုးကိုဗစ်ဆိုတဲ့ တင်းတင်းကျပ်ကျပ် တုံ့ပြန်ကိုင်တွယ်တဲ့ မူဝါဒမျိုးကို လက်မလွှတ်သေးပါဘူး။ ဒီအတွက်လည်း တရုတ် ပြည်သူတွေဆီက ဝေဖန်သံတွေ အတော်လေး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ 

ဇီးရိုးကိုဗစ် မူဝါဒအရ ကူးစက်နှုန်း များပြားတဲ့ ဧရိယာတွေကို ကြိုတင်ပြင်ဆင်ချိန် မပေးဘဲ တရုတ် အာဏာပိုင်တွေက ချက်ချင်း အသွားအလာ ကန့်သတ် ပိတ်ဆို့ပြီး Lockdown ချလိုက်တာမျိုးတွေ လုပ်တတ်တာကြောင့်လည်း အခုလို Panic Buying အခြေအနေတွေ ဖြစ်ကုန်တာပါ။ 

တရုတ်ဟာ ဇီးရိုးကိုဗစ် မူဝါဒကို ဆက်လက် ကိုင်ဆွဲထားပေမယ့်လည်း နိုင်ငံအနှံ့ ကူးစက်နှုန်းကတော့ ဆက်တိုက် တက်ရိပ်ပြနေပါတယ်။ ပြည်တွင်း ကူးစက်နှုန်းတွေက တရုတ်မှာ ၃ ရက်ဆက်တိုက် စံချိန်တင် များပြားခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်က တစ်နိုင်ငံလုံးအနှံ့ လူပေါင်း ၃၃၀၀၀ နီးပါး ကူးစက်ခံရပြီး ဘေဂျင်းမှာ ၂၀၀၀ နီးပါး လူနာအသစ်တွေ တွေ့ခဲ့ပါတယ်။ 

ကာတာမှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနေပြီး နှာခေါင်းစည်း တပ်မထားသူ သန်းနဲ့ချီ စုဝေးနေကြတဲ့ အချိန် ပြည်တွင်းမှာ ဇီးရိုးကိုဗစ် မူဝါဒကို ဆက်ကျင့်သုံးနေတာနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံသားတွေကြားမှာ အတော်လေး စိတ်ပျက်လက်ပျက် ဝေဖန်နေကြပါတယ်။ အာဏာပိုင်တွေကတော့ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေနဲ့ ပတ်သက်ရင် ဒီမူဝါဒမျိုးကို လက်ကိုင်ထားဖို့ လိုအပ်နေဆဲလို့ ကာကွယ် ပြောဆိုထားပါတယ်။