ရုရှားဟာ ဆောင်းရာသီ အအေးဓာတ်ကို ဖျက်အားပြင်း စစ်လက်နက်အသွင် အသုံးချဖို့ ကြံစည်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေ တည်ရှိရာ ဥရောပ အရှေ့ပိုင်း ဒေသတွေမှာ ဆောင်းရာသီဆိုရင် လွန်လွန်ကဲကဲ အအေးဓာတ် ကြီးစိုးလေ့ ရှိပါတယ်။ ဆောင်းရာသီ ဝင်ရောက်ခါနီးလာတဲ့ အချိန်မှာ ရုရှားက ယူကရိန်းရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေနဲ့ ဓာတ်အားပေး စနစ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ဖျက်ဆီးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။
ဒီအခြေအနေကြောင့် ယူကရိန်း နိုင်ငံအနှံ့မှာ ဓာတ်အား ပြတ်တောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဆောင်းရာသီ ဝင်ရောက်လာချိန်မှာ အပူပေး စနစ်တွေ အသုံးမပြုနိုင်ဘဲ ယူကရိန်း ပြည်သူတွေ ထိခိုက် ခံစားရမယ့် အလားအလာတွေ တွေ့နေရပါတယ်။ ယူကရိန်းရဲ့ ဆောင်းတွင်း အအေးဓာတ်ဟာ ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်း မရှိရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်လောက်အောင် ပြင်းထန်ပါတယ်။
အခုဆိုရင် ကရင်မလင် (ရုရှားအစိုးရ)ဟာ ဆောင်းရာသီ အေးခဲမှုကို အစုလိုက် အပြုံလိုက် သေကြေပျက်စီးစေတဲ့ စစ်လက်နက် တစ်ခုအဖြစ် ပြောင်းလဲချင်နေပြီ ဖြစ်တယ်လို့ ဇီလန်စကီးက ပြင်သစ်နိုင်ငံက မြို့တော်ဝန်တွေနဲ့ ပြုလုပ်တဲ့ ဗီဒီယို ကွန်ဖရင့် တစ်ခုမှာ ပြောကြားသွားပါတယ်။
လာမယ့် ဆောင်းတွင်းကို ကြံ့ကြံ့ခံ ရှင်သန် ဖြတ်သန်းရင်း တစ်ချိန်တည်းမှာပဲ ရာသီဥတုကို လက်နက်အသွင် ပြောင်းလဲ အသုံးချနေတဲ့ ရုရှားရဲ့ လုပ်ရပ်ကို ဟန့်တားနိုင်ဖို့အတွက် ယူကရိန်းမှာ လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။
ဒီအတွက် ယူကရိန်းကို မီးစက်တွေ၊ မိုင်းရှာ ကိရိယာတွေ၊ ဆေးဝါးနဲ့ အရေးပေါ် အကူအညီ ယူနစ်တွေ ပို့ဆောင်ပေးကြဖို့လည်း ဇီလန်စကီးက ပြင်သစ် မြို့တော်ဝန်များ အစည်းအရုံးဝင်တွေကို ပန်ကြားသွားပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ရုရှားရဲ့ ဒုံးကျည်နဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းရဲ့ ဓာတ်အားပေး ကွန်ရက်တွေ ပျက်စီးနေတာကြောင့် သန်းနဲ့ချီတဲ့ ယူကရိန်း ပြည်သူတွေရဲ့ အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်မှုတွေ ရှိနေနိုင်ကြောင်း သတိပေးထားပါတယ်။
ယူကရိန်းမှာတော့ ဆောင်းရာသီဟာ ရှင်သန် ရုန်းကန်ရေးအတွက် အရေးကြီးတဲ့ ကာလဖြစ်ကြောင်း၊ လက်ရှိ အခြေအနေအရ ယူကရိန်းပြည်သူ သန်းနဲ့ချီပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုး ကြုံနေရကြောင်း WHOရဲ့ ဥရောပ ဒေသဆိုင်ရာ ဒါရိုက်တာ ဟန်းစ်ကလုဂ်က ပြောကြားသွားပါတယ်။