ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ဘီလားရုစ်မှာ ဖြန့်ကျက်မှု စတင်နေပြီလို့ သမ္မတ အတည်ပြု

မေ၊​၂၇

ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ပြည်တွင်းကို စတင် ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက အတည်ပြုခဲ့ပါတယ်။

မေလ ၂၅ ရက်ကစပြီး ရုရှားဟာ နျူကလီးယား စစ်လက်နက်တွေကို အနောက်ဖက် အိမ်နီးချင်းနဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် နိုင်ငံထဲ ရွှေ့ပြောင်းနေတာလို့ သိရပါတယ်။ လူကာရှန်ကိုက ရုရှား စစ်လက်နက်တွေ ဘီလားရုစ်မှာ နေရာချမှု အစီအစဉ် စတင်နေပြီဆိုတာ ကြေညာပေမယ့် ရုရှားကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ဆီ အလည်အပတ် သွားရောက်ချိန်မှာ လူကာရှန်ကိုက ရုရှား နျူကလီးယား လက်နက်တွေ နေရာရွှေ့ပြောင်းနေတဲ့ ကိစ္စကို ထုတ်ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မတ်လတုန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက် တချို့ကို ဘီလားရုစ်မှာ ဖြန့်ကျက်ထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီး ခေတ်သစ် ရုရှားနိုင်ငံ ပေါ်ထွန်းလာတဲ့နောက် နှစ်ပေါင်း ၃၀ လောက်အတွင်း နျူကလီးယား လက်နက်တွေကို ပြည်ပမှာ ပထမဆုံးအကြိမ် ဖြန့်ကျက်ဖို့ ဆုံးဖြတ်မှုလည်း ဖြစ်လာပါတယ်။  

ဘီလားရုစ် အတိုက်အခံ ခေါင်းဆောင် ဆဗက်လာနာ တီခန်နော့ဗ်စခါယာက အခုလုပ်ရပ်ဟာ ဘီလားရုစ် ပြည်သူတွေရဲ့ ဘဝကို အန္တရာယ် ရှိလာနိုင်စေတဲ့အပြင် ယူကရိန်းနဲ့ ဥရောပတိုက် တခုလုံးကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။ 

တနည်းအားဖြင့် ရုရှားက ဘီလားရုစ်ကို စစ်ပွဲကြားညပ်အောင် ဓားစာခံအဖြစ် အသုံးချလိုက်သလိုပဲလို့လည်း တီခန်နော့ဗ်စခါယာက ဝေဖန်ပါတယ်။

ဘီလားရုစ်မှာ ရုရှားက ဖြန့်ကျက်မယ့် မဟာဗျူဟာ နျူကလီးယား လက်နက်တွေဟာ တာဝေးပစ် ထိပ်ဖူးတွေလောက် ပေါက်ကွဲအား မပြင်းထန်ပေမယ့် ဆိုးရွား ကြမ်းတမ်းတဲ့ ပျက်စီး ဆုံးရှုံးမှုတွေကိုတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘီလားရုစ် တပ်တွေဟာ ရုရှားရဲ့ အဲဒီ စစ်လက်နက်တွေကို ဧပြီလ ကတည်းက ကိုင်တွယ် လေ့ကျင့်နေခဲ့ပါတယ်။

ဘီလားရုစ် သမ္မတ လူကာရှန်ကိုဟာ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်အဖြစ် သတ်မှတ် ခံထားရပြီး ပူတင်ရဲ့ အရေးအကြီးဆုံး စစ်ရေး မဟာမိတ်အဖြစ် အခိုင်အမာ ရပ်တည်နေပါတယ်။ 

 

Ref: Moscow Times