ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ပိုလန် လက်ရွေးစင် အသင်း စီးနင်း လိုက်ပါသွားရာ လေယာဉ်ကို လေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေက ခြံရံ ပို့ဆောင်ပေးခဲ့ပါတယ်။
အခု သီတင်းပတ် အစောပိုင်းက ယူကရိန်း-ရုရှား စစ်ပွဲကနေ လမ်းချော်လာတဲ့ ဒုံးကျည်တစ်စင်း ပိုလန် ပိုင်နက်ထဲ ကျရောက်ပြီး လူ ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ပိုလန်မှာ လေကြောင်းကာကွယ်ရေး နှိုးဆော်မှုတွေကို အဆင့် မြှင့်တင်ထားလိုက်ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ဖို့ လက်ရွေးစင် အသင်းက အရပ်ဖက် ခရီးသည်တင် လေယာဉ်တစ်စီးနဲ့ ပျံသန်း ထွက်ခွာသွားချိန်မှာလည်း ပိုလန်လေတပ်ရဲ့ F-16 နှစ်စီးက ဘေးကနေ ခြံရံပျံသန်းပြီး နိုင်ငံတောင်ပိုင်း နယ်စပ်ထိ လိုက်ပါ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ပိုလန် ဘောလုံး အဖွဲ့ချုပ်က ခရီးသည်တင် လေယာဉ်ဘေးမှာ ပျံသန်းနေတဲ့ F-16တွေကို ဗီဒီယိုရိုက်ပြီး Twitterမှာ ပြသထားခဲ့ပါတယ်။ နယ်စပ်ထိ လုံလုံခြုံခြုံ ရောက်ရှိအောင် ပို့ဆောင်ပေးတဲ့ F-16 တိုက်လေယာဉ်မှူးတွေကို ကျေးဇူးတင်စွာ နှုတ်ဆက်လိုက်ကြောင်းလည်း ပိုလန် ဘောလုံးအဖွဲ့ချုပ်က ရေးသားထားပါတယ်။
နိုဝင်ဘာ ၁၅ ရက်က ယူကရိန်း-ပိုလန် နယ်စပ်က ရွာတစ်ရွာကို ဒုံးကျည် ကျရောက် ပေါက်ကွဲမှုဟာ NATO စစ်မဟာမိတ် အဖွဲ့ကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်း စုံစမ်းမှုတွေအရ အဲဒီဒုံးကျည်ဟာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာမျိုး မဟုတ်ဘဲ ရုရှားဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားတဲ့ ပိုလန်ရဲ့ ဒုံးခွင်းဒုံး တစ်စင်း လမ်းချော်လာတာသာ ဖြစ်နိုင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ် နောက်ပိုင်းမှာတော့ ပိုလန်ရော၊ စစ်ပွဲဇုန်နဲ့ နီးကပ်တဲ့ တခြား NATO နိုင်ငံတွေမှာပါ လေကြောင်းရန် ကာကွယ်ရေး အစီအမံတွေကို ပိုမိုတင်းကျပ်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။