ဖက်ဒရယ်ရေးရာ – အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

သို့ / 

 ကိုမြတ်သူငြိမ်းရေ…. ။ 

 ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာ ပြန်စာကဏ္ဍမှာ ၊ ကိုမြတ်သူငြိမ်း မေးမြန်းထားတဲ့ ပေးစာကို DNA အယ်ဒီတာအဖွဲ့ ပြန်စာ အဖြစ် ပြန်လည် ဖော်ပြပေးလိုက်ပါကြောင်း….။ 

 DNA အယ်ဒီတာအဖွဲ့ထံကို ရောက်လာတဲ့ ဖက်ဒရယ်အရေး မေးမြန်းချက် တချို့ ရှိပါတယ်။ အဲသည့်အထဲမှာ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိက အင်အားစုတွေ ဖြစ်တဲ့ NUG, CRPH, NUCC နဲ့ EAOs တွေအကြား ဘာတွေ ပြောဆိုဆွေးနွေးတင်ပြကြသလဲ၊ ဘာတွေ တောင်းဆိုကြသလဲ၊ ဘယ်အချက်တွေ သတ်မှတ် သဘောတူကြသလဲ ဆိုတာတွေကို မေးမြန်းထားတာတွေ့ပါတယ်။ 

 လောလောဆယ် မြန်မာ့နွေဦးတော်လှန်ရေးအတွင်းက နိုင်ငံရေးသဘောတူညီမှု (တနည်း) နိုင်ငံရေးပဋိညာဉ်ဟာ ဘာလဲလို့ ပြောရင် NUCC ကနေ ဝိုင်းဝန်းဆွေးနွေးသဘောတူညီပြီး အတည်ပြုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) တွေပဲ ဖြစ်ပါတယ်။ ဘာတွေ သဘောတူညီထားတယ်၊ ဘယ်လို အခြေခံမူတွေကို လက်ခံထားတယ်၊ ဘယ်လို နှုန်းစံတန်ဖိုးနဲ့ မူဝါဒတွေကို ဆွေးနွေးအတည်ပြု ပြဌာန်းထားတယ်ဆိုတာကို အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။  မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချုပ်ငြိမ်းအောင် ကြိုးစားပြီး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို သွားဖို့အတွက် နိုင်ငံရေးပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ရှိအောင် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ 

နိုင်ငံရေးသဘောတူညီချက်အားဖြင့် တော်လှန်ရေးအင်အားစုတွေအတွင်း NUCC မှာ စုဖွဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ သဘောတူ ညှိနှိုင်းထားချက်တွေ ရှိထားပါတယ်။ ဒါ့အပြင် လုပ်ငန်းလမ်းစဉ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) အနေနဲ့ လမ်းပြမြေပုံ ချမှတ်ပြီး မြန်မာ့နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအလွန်ကာလတွေမှာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို လျှောက်လှမ်းဖို့ လမ်းပြမြေပုံ ချမှတ်ပြီးဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းပြမြေပုံဆိုဘာလဲလို့ မေးရင် ၊ အောက်ပါအတိုင်း အကြမ်းဖျင်း သိထားနိုင်ပါတယ်။ 

(၁) ပထမဦးစွာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ် ချေမှုန်းသုတ်သင်မယ်။ 

(၂) အသွင်ကူးပြောင်းရေးဆိုင်ရာ ကြားကာလဖွဲ့စည်းပုံတစ်ခုကို အတည်ပြု ရေးဆွဲပါမယ်။ 

(၃) ကြားကာလဖွဲ့စည်းပုံအရ ကြားကာလအစိုးရအဖွဲ့တစ်ခုကို ဖွဲ့စည်းပါမယ်။ 

(၄) ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲပြီး ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပြုလုပ်ပါ့မယ်။ 

(၅) ဒီကနေတစ်ဆင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရသစ် တစ်ရပ်ကို ရရှိလာမှာ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံဖြစ်ပါတယ်။ 

 နောက်ဆုံး တစ်ချက်က လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်တဲ့ ကိစ္စကို ဖြေကြားချင်ပါတယ်။ 

 အမျိုးသားညီညွတ်ရေးအစိုးရဟာ — လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပါတယ်။ ပိုပြီး စုစည်းကျစ်လစ်တဲ့ မဟာမိတ်ဆက်ဆံရေးကနေ မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ စစ်အာဏာရှင်ကို ဖြိုချဖို့ ကြိုးစားနေတယ်လို့ နားလည်ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ လက်ရှိ မြန်မာပြည်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နေတဲ့ အခြင်းအရာတွေ ဖြစ်ကြောင်း DNA အယ်ဒီတာအဖွဲ့ က ယခုတစ်ပတ်ရဲ့ ဖက်ဒရယ်ရေးရာ အယ်ဒီတာ နှင့် ပေးစာ ပြန်စာ ကဏ္ဍကနေ ဖြေကြားလိုက်ရပါကြောင်း…..။ 

DNA ၏ အယ်ဒီတာအဖွဲ့ 

၁၇ နိုဝင်ဘာ ၂၀၂၂။