ကယားမှာဆယ်ရက်အတွင်းတိုက်ပွဲပေါင်း တဆယ့်သုံးကြိမ်ဖြစ်

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က စစ်ရေးသတင်းထုတ်ပြန်လာပါတယ်။

ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို။ ဘောလခဲနဲ့ ရှားတောမြို့နယ်တွေထဲမှာအခုနိုဝင်ဘာလအတွင်းမှာပဲ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးတယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

မနေ့ နိုဝင်ဘာ ၁၃ ရက်မှာလည်း လွိုင်ကော်လောပိတမြိုမှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းကိုရိက္ခာသယ်ပို့နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲမှာတော့ဗိုလ်ကြီးအဆင့်ရှိတဲ့ စစ်ကောင်စီတပ်သားတဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မေလကတည်းက နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေမရှိဘဲ လူနေရပ်ကွက်နဲ့ စစ်ရှောင်စခန်းတွေကိုစစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ဆက်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း နှစ်ဖက်တိုက်ပွဲပေါင်း ၃၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တဦးအပါအဝင် ဒေသခံ ၃ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့သလို KNDF က ရဲဘော် ၅ဦးကျဆုံးခဲ့တယ်လို့ KNDF က စစ်ရေးသတင်းထုတ်ပြန်ထားပါတယ်။