မုံရွာမှာ အမျိုးသားနှစ်ယောက်တွဲဆိုင်ကယ်စီးသူတွေကို စစ်တပ်က ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးငွေညှစ်မှုတွေလုပ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူတွဲစီးနင်းလို့စစ်တပ်က ပစ်ခတ်တာခံရသူတွေရှိသလို ဖမ်းဆီးငွေညှစ်ခံရသူတွေလည်း အများအပြားရှိနေတယ်လို့ မြိုခံတွေနဲ့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

စစ်အာသိမ်းတာကိုဆန့်ကျင်မှုအားကောင်းတဲ့ မုံရွာမြို့မှာတော့ စစ်ကောင်စီကအမျိုးသားနှစ်ယောက်တွဲဆိုင်ကယ်မစီးဖို့ တားမြစ်ထားပြီးနောက်ပိုင်းမှာ ဆိုင်ကယ်စီးသူတွေကို ပစ်ခတ်တာဖမ်းဆီးတာတွေ ဆက်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်​တော်တို့သိရသ​လောက်ဆိုရင် အမျိုသားနှစ်​ယောက်အတူ ဆိုင်ကယ်စီးလာလို့ စစ်​ကောင်စီတပ်သား​​တွေက ​သေနတ်နဲ့ပစ်သတ်လို့ ​သေဆုံးသူ သုံး​ယောက်​ရှိသွားပြီ။ အဖမ်းခံရတဲ့သူကလည်း ၁၀၀ ​ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဖမ်းခံရတဲ့သူ​တွေဆို ​ငွေ​ပေးပြီးမ​ရွေးနိုင်ရင်ထောင်ချပစ်တယ်”လို့မြို့တွင်းကသတင်းအချက်အလက်တွေကိုစုစည်းရေးသားဖော်ထုတ်နေတဲ့ Monywa Road Information က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီလိုပစ်ခတ်သတ်ဖြတ်မှုတွေရှိသလို တချို့ကိုလည်းဖမ်းဆီးပြီး ခြိမ်းခြောက်ငွေတောင်းတာ၊ငွေမပေးနိုင်သူတွေကို တရားစွဲထောင်ချတာတွေလည်း ဆက်လုပ်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ ကလည်း DNA ကိုပြောပြပါတယ်။

” ​​ပြီးခဲ့တဲ့လတုန်းက သူငယ်ချင်းမင်္ဂလာ​ဆောင်သွားတာမှာ ​ယောကျ်ား​လေးနှစ်​ယောက်တွဲပြီး ဆိုင်ကယ်စီးလို့ဖမ်းခံရတာ။ တရားစွဲခံရလို့ စီရင်ချက်မချခင်မှာအပြစ်​​ပေါ့​​လျော့အောင်တရားသူကြီးကို နှစ်သိန်းခွဲ​ပေးရတယ်။ ​​ထောင်ဒဏ်၂လ​တော့ ချခံလိုက်ရတယ်​။ ဖမ်းထားချိန်မှာ စစ်​ကောင်စီက တော်​တော်​လေးလဲနှိပ်စက်ထားပါတယ်”လို့ ဖမ်းဆီးထောင်ချခံလိုက်ရတဲ့ လူငယ်ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူကပြောပါတယ်။

လက်ရှိမှာလည်း မုံရွာမြို့တွင်းမှာရှိတဲ့ ကျောက္ကာလမ်း၊ မိုးကောင်းဘုရားအနီး၊ မြဝတီရပ်ကွက်ရုံးတို့မှာ တပ်စွဲထားတဲ့စစ်ဆေးရေးဂိတ်တွေဆက်ရှိနေပြီး မီးပွိုင့်နဲ့ လမ်းဆုံတွေမှာ စစ်ဆေးရေးဂိတ်တွေထားရှိကာ လမ်းသွားလမ်းလာပြည်သူတွေကို ငွေကောက်ခံတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အဆိုးဆုံးစစ်ဆေးရေးဂိတ်က ဗိုလ်ချုပ်လမ်းက မြဝတီဘဏ်ရှေ့နဲ့ စီးပွားရေးဘဏ်ရှေ့တွေပဲ။ တခါတခါ မထင်ရင်မထင်သလို ဆိုင်ကယ်ရပ်ခိုင်းပြီး ရပ်မပေးရင်လည်း ပစ်ခတ်ဖမ်းဆီးတယ်။ အမျိုးသားတစ်ယောက်တည်းတို့ အမျိုးသမီးတွေဆိုလည်း မထင်ရင်မထင်သလိုစစ်တယ်။ သူတို့မထင်တဲ့ဆိုင်ကယ်ဆို တားဆီးစစ်ဆေးတယ်။ သူတို့ခွေးခြံတွေထဲခေါ်သွားပြီး ရိုက်နှက်တာတွေရှိတယ်။ တချို့အလုပ်သမားတွေ အလုပ်ပြန်ချိန်ဆိုလည်း ငွေညှစ်တယ်”လို့ မုံရွာမြို့ခံတစ်ဦးက ​ပြောပါတယ်။

အဲဒီလို လမ်းသွားလမ်းလာပြည်သူ​တွေကို စစ်ဆေးရာမှာ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်စီးဦးထုပ်၊ ဘီးခွန်၊ ဖုန်း စသဖြင့် စစ်ဆေးလေ့ရှိပြီး တခုခု ချို့ယွင်းမှုဖြစ်နေရင်ငွေကြေးအဆမတန်တောင်းခံတယ်လို့ မြို့ခံတွေကပြောပြပါတယ်။

လမ်းသွားရင် ငွေကြေးမပါလာရင် မိသားစုဝင်တွေဆီကို ဖုန်းဆက်ခိုင်းပြီးwave money မှတစ်ဆင့် ချက်ချင်းငွေလွှဲခိုင်းတဲ့လုပ်ရပ်တွေအထိ မုံရွာမြို့ပေါ် မှာ စစ်တပ်ကလုပ်ဆောင်နေတာကို မုံရွာမြို့ခံ​တွေက DNA ကို ​ပြောပါတယ်။

“ကျွန်တော့်မိတ်ဆွေရဲ့သားဆို လူလိုင်စင်မပါလို့ဆိုပြီး ဖမ်းသွားတာ။ ငွေမပေးလို့ဆိုပြီး ရိုက်နှက်တာလွန်ရော။ နောက်ဆုံးမိဘတွေက သိလို့ သွားရွေးထုတ်တာ ၆သိန်းတောင်းတာ မတတ်နိုင်လို့ အကြိမ်ကြိမ်တောင်းပန်မှ ၄သိန်းနဲ့ဈေးတည့်တယ်။ ကလေးကို ရိုက်ထားတာ မကျိုးကန်းရုံတမယ်ပဲ”လို့ မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။

အခုလို စစ်​ကောင်စီက မြို့ခံ​တွေဆီက​နေ စစ်ဆေးငွေညှစ်တာ​တွေကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ဒီကနေ့ အထိ ပြုလုပ်နေဆဲဖြစ်တယ်လို့လည်း မြို့ခံတွေရဲ့ ပြောပြချက်တွေအရသိရပါတယ်။