ကိုဗစ်လူနာ ၈၀၀ လောက် ရှိပေမယ့် ခရုစ်သင်္ဘောကြီးတစ်စီး ပုံမှန် ခရီးဆက်ဖို့ စီစဉ်ထား 

ကိုဗစ် ကူးစက်လူနာ ၈၀၀ လောက် ပါလာတဲ့ အပျော်စီး သင်္ဘောကြီး တစ်စီးဟာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကမ်းကပ် ရပ်နားခဲ့ကြောင်း သိရပါတယ်။ 

နယူးဇီလန်ကနေ စတင် ထွက်ခွာလာတဲ့ Majestic Princess ခရုစ် သင်္ဘောကြီးဟာ ဆာကူလေကွေ ဆိပ်ကမ်းမှာ ကမ်းကပ် ရပ်နားနေကြောင်း ဆစ်ဒနီမြို့ အာဏာပိုင်တွေက ပြောပါတယ်။ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၄၆၀၀ လောက် လိုက်ပါလာတာကြောင့် ပျမ်းမျှ လူ ၅ ယောက်မှာ ၁ ယောက်လောက် ကိုဗစ် ကူးစက်ခံထားရတဲ့ သဘောပါပဲ။ 

ဒီဖြစ်ရပ်ဟာ ၂၀၂၀ ပြည့်နှစ် အစောပိုင်းက Ruby Princess ခရုစ် သင်္ဘောကြီးပေါ်မှာ ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပုံကို အမှတ်ရစေပါတယ်။ အဲဒီတုန်းက ကူးစက်လူနာ ၉၀၀ ကျော် ရှိခဲ့ရာမှာ ၂၈ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ 

Majestic Princessကို ပိုင်ဆိုင်တဲ့ Carnival Australia ခရုစ် သင်္ဘောလိုင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ မာဂူရိုက် ဖစ်ဇ်ဂါရဲလ်က သင်္ဘောရဲ့ ၁၂ ရက် အပျော်ခရီးစဉ် လမ်းတစ်ဝက် အရောက်မှာမှ ကူးစက်လူနာတွေ တပြုံကြီး တွေ့ရှိလာတာလို့ ပြောပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်ပွားသူ အားလုံးဟာ ရောဂါလက္ခဏာ အပျော့စား ပြသသူတွေ၊ ဒါမှမဟုတ် လုံးဝ မပြသသူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရောဂါ ဖြစ်ပွားထားသူ အားလုံးကို သတ်မှတ် Quarantine ကာလ ပြည့်မီတဲ့အထိ သီးသန့်ခွဲထားနိုင်အောင် သင်္ဘောလိုင်းက နေရာထိုင်ခင်း သေချာ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ ဒီသင်္ဘောကြီးဟာ မကြာခင် ဆစ်ဒနီကနေ မဲလ်ဘုန်းကို ဆက်လက် ထွက်ခွာမှာပါ။ 

Ruby Princessနဲ့ Majestic Princessတို့ကြား အခြေအနေတွေ ဘယ်လို ကွဲပြားသလဲလို့ မေးတဲ့အခါ ဖစ်ဇ်ဂါရဲလ်က အဲဒီ  ကြားကာလတွေအတွင်း လူတွေက ကိုဗစ်နဲ့ ပတ်သက်လို့ အများကြီး သင်ယူ နားလည်ခဲ့ကြပြီး ဖြစ်တယ်လို့ ဖြေပါတယ်။ ပြီးတော့ ကာကွယ်ဆေး ထိုးနှံမှုတွေကြောင့်လည်း ရောဂါလက္ခဏာတွေ ပြင်းထန်မလာအောင် တားဆီးနိုင်စွမ်းက မြင့်မားလာပါတယ်။ 

ဩစတြေးလျမှာ လက်ရှိ အခြေအနေအရ ကိုဗစ် ကူးစက်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပေမယ့် အသေအပျောက်ကတော့ အရမ်းနည်းသွားပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း အခုနှစ်၊ ဖေဖော်ဝါရီလနဲ့ ယှဉ်ရင် ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေဟာ ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပြီလို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။