
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ထဲက ဝဲဘိုတောင်ကျေးရွာမှာရှိတဲ့ နှစ်ရာကျော်သက်တမ်းရှိတဲ့ဘုန်းတော်ကြီးကျောင်း ဒီကနေ့ နိုဝင်ဘာ ၈ ရက်မနက်ပိုင်းမှာ မီးလောင်ပြီးဆုံးရှုံးခဲ့ပါတယ်။ ဒီကနေ့ မနက် ၆နာရီလောက်ကတည်းကမီးလောင်နေတာဖြစ်ပြီးသတင်းရရှိမှုနောက်ကျတာကြောင့် မနက် ၇နာရီမှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားရောက်နိုင်ခဲ့ကာ ဘုန်းတော်ကြီးကျောင်းကတော့ တကျောင်းလုံးမီးလောင်ပျက်စီးခဲ့တယ်လို့သွားရောက်ကူညီပေးသူတွေကပြောပါတယ်။
‘’ ဘုန်းတော်ကြီးကျောင်းက နှစ်ရာချီနေပါပြီ။ အဆောက်အဦကတော့ ဆေးသုတ်တာ ပြန်ဆောက်ထားတာတွေလည်းရှိတယ်။ မီးစလောင်တဲ့ မနက် ၆ နာရီလောက်မှာ အနီးကလူတွေကအသံတွေကြားနေတယ်။ အဲဒီအချိန်ကတော့ မီးခိုးတွေမထွက်သေးဘူး။ မနက် ၇ နာရီလောက်မှမီးလောင်တဲ့သတင်းရခဲ့တယ်။ အဲဒီအချိန်မှာကူညီဖို့သွားတဲ့ အချိန်ကျောင်းက အပေါ် အမိုးတွေကုန်သွားပြီ။မြို့နယ်တပ်ဖွဲ့က ကားတွေရော လူမှုကူညီရေးအသင်းတွေကကားတွေရော ညှပ်ပြီးမီးငြှိမ်းချိန်မှာကြမ်းခင်းတွေကလည်း ဟောင်းနေပြီဆိုတော့့ မီးကလည်း ထိန်းမနိုင်တော့ဘူး’’ လို့ သွားရောက်ကူညီပေးခဲ့တဲ့စေတနာရှင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူက ပြောပြပါတယ်။
အခုမီးလောင်ပျက်စီးသွားတဲ့ ဝဲဘိုတောင်ကျေးရွာဘုန်းတော်ကြီးကျောင်းမှာတော့ ဘုန်းတော်ကြီး၈ပါးလောက်သတင်းသုံးနေထိုင်ကြပြီးလက်ရှိမှာ ဘုန်းတော်ကြီးတွေကို ကျောင်းဝင်းထဲကကျန်ရှိနေတဲ့ ကျောင်းဆောင်အသေးတစ်ခုမှာသီတင်းသုံးဖို့ နေရာချထားပေးရတယ်လို့သိရပါတယ်။