ရုရှားစစ်တပ်ဟာ လေယာဉ်တွေ ပြုန်းတီးမှုကို အလျင်မီအောင် မဖြည့်တင်းနိုင်တဲ့ ပြဿနာမျိုး ကြုံနေရကြောင်း ယူကရိန်း စစ်ဘက် အကြီးအကဲ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလူဇူညီက ကျူးကျော်စစ် အစပြုချိန် ကတည်းက ရုရှားဟာ စစ်လေယာဉ် စုစုပေါင်း ၂၇၈ စီးထက်မနည်း ဆုံးရှုံးခဲ့ကြောင်း ပြောပါတယ်။ ဒါဟာ အာဖဂန် နစ္စတန် စစ်ပွဲမှာ ၁၀ နှစ်အတွင်း ဆိုဗီယက် ပြည်ထောင်စုက ဆုံးရှုံးဖူးတဲ့ လေယာဉ် အစီးရေ ၁၁၉ စီးထက် နှစ်ဆကျော် ပိုများနေတာ ဖြစ်တယ်လို့လည်း ဇာလူဇူညီက ဆိုတယ်။
တကယ့် ဆုံးရှုံးမှု ပမာဏကို အတိအကျ အတည်ပြုဖို့တော့ ခက်ကြောင်း၊ ဒါပေမဲ့ ရုရှားဟာ လေကြောင်း သာလွန် စိုးမိုးနိုင်စွမ်းမှာ သိသိသာသာ အားလျော့သွားပြီဖြစ်ကြောင်း၊ ရုရှား လေတပ်ဟာ လေ့ကျင့်မှု ညံ့ဖျင်းတာ၊ အတွေ့အကြုံရင့် လေသူရဲတွေ တိုက်ပွဲကျကုန်တာ၊ လေကြောင်း ကာကွယ်ရေး စနစ် ထူထူထပ်ထပ် ဖြန့်ကျက်ထားတဲ့ ဇုန်တွေမှာ အနိမ့်ပျံရင်း ပစ်ကူပေးဖို့ စွန့်စားရတာတွေ ကြုံနေကြောင်း စစ်ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး ဇာလူဇူညီက ပြောကြားသွားပါတယ်။
ဒီအနေအထားဟာ လာမယ့် လပိုင်းတွေမှာလည်း ပြောင်းလဲသွားဖို့ အလားအလာ မရှိကြောင်း၊ ရုရှားဟာ လေယာဉ် အသစ်တွေ အစားထိုး ဖြည့်တင်းဖို့ထက် လေယာဉ်ဟောင်းတွေ ဆုံးရှုံးတဲ့ ပမာဏ ပိုကြီးမားတဲ့ အခြေအနေကို ကုစား ဖြေရှင်းနိုင်စွမ်း မရှိသေးကြောင်းလည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို လေကြောင်းကာကွယ်ရေး စနစ်တွေ ဖြည့်တင်းပို့ဆောင်ဖို့လည်း အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ နိုဝင်ဘာ ၇ ရက်မှာတော့ နော်ဝေး၊ စပိန်နဲ့ အမေရိကန်တို့ဆီက လေကြောင်းကာကွယ်ရေး စနစ်အသစ်တွေ လက်ခံရရှိတဲ့အတွက် ယူကရိန်းက မဟာမိတ် နိုင်ငံတွေကို ချီးကျူးခဲ့ပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဆီ ရက်ဇ်နီကော့ဗ်က NASAMSနဲ့ Aspide လေကြောင်း ကာကွယ်ရေး စနစ်တွေ ယူကရိန်းကို ဆိုက်ရောက်လာပြီဖြစ်ပြီး နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်နိုင်အောင် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကြေညာသွားခဲ့ပါတယ်။
ရုရှားစစ်တပ်ရဲ့ အတွင်းလူ တချို့ကလည်း မကြာသေးခင်က လေယာဉ် ပျက်ကျမှုတွေကြောင့် လုံခြုံရေးအရ ပြန်လည် စစ်ဆေးမှုတွေ ပြုလုပ်နေရတာကလည်း လေကြောင်း တိုက်ခိုက်ရေး စွမ်းရည်ကို ထိခိုက်စေကြောင်း မှတ်ချက် ပေးထားကြပါတယ်။ ပြီးခဲ့တဲ့လက ရုရှားမှာ SU-34 ဗုံးကြဲ တိုက်လေယာဉ် တစ်စီးနဲ့ SU-30 တိုက်လေယာဉ် တစ်စီးတို့ဟာ အချိန် တစ်ပတ်တောင် မခြားဘဲ ပျက်ကျခဲ့ပါတယ်။ ဒါ့အပြင် ရုရှား တိုက်လေယာဉ်တွေဟာ ယူကရိန်း ကွန်မန်ဒိုတွေရဲ့ ပစ်မှတ်ထား ဖျက်ဆီးမှုတွေနဲ့ပါ ကြုံတွေ့နေကြောင်း သိရပါတယ်။