မနေ့ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေမှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ဟာ စိန့်မေရီကွင်းမှာ ခြေချော်ပြီး အဖိုးတန် ရမှတ်တွေ ဆုံးရှုံးသွားခဲ့ပါတယ်။ မန်နေဂျာလက်မဲ့ ဖြစ်နေတဲ့ အက်စ်တန်ဗီလာ အသင်းကတော့ အံ့ဩစရာ ကောင်းလောက်အောင် ခြေစွမ်းပြပြီး ဂိုးပြတ် နိုင်ပွဲတစ်ခုကို ရယူသွားခဲ့ပါတယ်။
ဆောက်သမ်တန် ၁ – ၁ အာဆင်နယ်
ဒီရာသီမှာ အာဆင်နယ် အတွက်တော့ ပထမဆုံးအကြိမ် သရေပွဲနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ပိုင်း ကွာဟချက် အရမ်းကြီးမားတာကြောင့် အာဆင်နယ်အတွက် အတားအဆီး ဖြစ်လာမှာ မဟုတ်ကြောင်း ပရိသတ် အများစုရဲ့ ထင်ကြေးတွေကို ဆောက်သမ်တန် ကစားသမားတွေက အိမ်ကွင်း စိန့်မေရီမှာ တွန်းလှန်ပြခဲ့ပါတယ်။ ပွဲအစ ၁၀ မိနစ်မှာတင် ညာခြမ်းက ဝှိုက် ဖြတ်ပို့လိုက်တဲ့ ဘောလုံးကို ကွင်းလယ်လူ ရှာခါက မနားတမ်း ကန်သွင်းပြီး အာဆင်နယ်တို့ ပွဲကို ဦးဆောင်ပါတယ်။ အဲဒီနောက်ပိုင်း အာဆင်နယ်က ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့သေးပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဂိုးပြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးတွေကို ဆက်တိုက် လက်လွှတ်နေခဲ့တဲ့ အာဆင်နယ်ဟာ ၆၄ မိနစ်မှာတော့ ဒဏ်ခတ် ခံခဲ့ရပါတယ်။ အယ်လ်ယူနက်ဆီနဲ့ အနီးကပ် တွဲလုံးကစားပြီး ပါးပါးနပ်နပ် အသာကန်သွင်းသွားတဲ့ အမ်းစထရောင်းကို အာဆင်နယ် ဂိုးသမား ရမ်းစ်ဒေးလ် ဘယ်လိုမှ မဟန့်တားနိုင်ဘဲ ချေပဂိုး ပေးလိုက်ရပါတယ်။ ၇၈ မိနစ်မှာ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ဒ်က ဂိုးထပ်သွင်းပေမယ့် သူ့ဆီကို တီယာနေးက ဘောလုံး မပေးပို့နိုင်ခင်မှာ ကတည်းက ဂိုးလွန်ဘော ဖြစ်နေခဲ့တဲ့အတွက် ဂိုးမရခဲ့ပါဘူး။ အခုပွဲမှာ အနိုင်မရခဲ့တာကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယား ဒုတိယ နေရာက မန်ချက်စတာ စီးတီးရဲ့ ၂ မှတ်အကွာနဲ့ ဖိအားပေးမှုကို ခံနေရပြီ ဖြစ်ပါတယ်။
အက်စ်တန်ဗီလာ ၄ – ၀ ဘရန့်ဖို့ဒ်
မန်နေဂျာ ဂျရတ်ကို ထုတ်ပယ်လိုက်ပြီး ယာယီ မန်နေဂျာ အေရွန်ဒန့်စ်ခ် လက်အောက်မှာ ပထမဆုံး ယှဉ်ပြိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရလဒ်က ဗီလာအတွက် အရမ်းချိုမြိန်ခဲ့ပါတယ်။ ဗီလာဟာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခုကို ရရှိခဲ့ရုံသာ မကဘဲ ဒီရာသီမှာ ပထမဆုံးအကြိမ် ၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ပွဲအစ ၁ မိနစ်ကျော်မှာတင် ဘယ်ခြမ်းက လူးဝစ်ဇ် ထိုးပေးတာကို ဘိုင်လီက လူတွေ ရှုပ်ထွေးနေတဲ့ ကြားထဲကနေ အပြင်းကန်သွင်းပြီး ဗီလာတို့ ဦးဆောင်ဂိုး စတင်ရရှိပါတယ်။ ၆ မိနစ်မှာ ဘိုင်လီရဲ့ ပေးပို့မှုကို တိုက်စစ်မှူး အင်းစ်က အနီးကပ် ပြေးဝင်ပိတ်သွင်းပြီး အိမ်ရှင်တွေ ဒုတိယဂိုး ထပ်သွင်းပါတယ်။ ၁၄ မိနစ်မှာ ထောင့်ကန်ဘောကို ခေါင်းတိုက်ဂိုးသွင်းဖို့ ကြိုးစားတဲ့ ဗီလာ နောက်ခံလူ မင်းစ်ကို ဘရန့်ဖို့ဒ် ခံစစ်မှူး အက်ဂျာက အင်္ကျီဆွဲပြီး လှဲချခဲ့တာကြောင့် ဗီလာတို့ ပင်နယ်တီ ကန်ခွင့်ရပါတယ်။ အဲဒီ ပင်နယ်တီကို အင်းစ်ကပဲ အပိုင်ကန်သွင်းခဲ့တာကြောင့် ဗီလာတို့ အနိုင်ရဖို့ သေချာလာခဲ့ပါတယ်။ ဗီလာအတွက် နောက်ဆုံးဂိုးကတော့ ဂိုးရှေ့ရောက်ပြီးမှ မဝင်ချင့်ဝင်ချင် ဖြစ်နေတဲ့ ဘောလုံးကို တိုက်စစ်မှူး ဝတ်ကင်စ်က သုံးဆင့်လောက် ကန်သွင်းပြီး ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဗီလာဟာ တန်းဆင်းဇုန်အထက် ၃ မှတ်ကွာဟတဲ့ အနေအထားကို ရရှိခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါး ၁ – ၂ နယူးကာဆယ်ယူနိုက်တက်
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာမှာ ပါဝင်ဖို့ အပြိုင်ကြိုးစားနေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ချိန်မှာ နယူးကာဆယ်က အနိုင်ရသွားပါတယ်။ ရာသီ အစပိုင်းက အတော်လေး အခြေအနေ ကောင်းခဲ့ပြီး နိုင်ပွဲဆက်ခဲတဲ့ တော့တင်ဟမ် အတွက်တော့ လက်ရှိ ယိမ်းယိုင်မှုတွေအတွက် အမြန်ဆုံး ကုစားဖို့ အဖြေရှာရပါတော့မယ်။ ဒီပွဲမှာ နှစ်သင်းလုံး လူစုံတက်စုံနဲ့ ပွဲထွက်ခဲ့ပြီး နိုင်ပွဲရဖို့ အားထုတ်ခဲ့ကြပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာ တော့တင်ဟမ် ဂိုးသမား လောရစ်ရဲ့ ဆိုးရွားတဲ့ အမှားကနေတဆင့် နယူးကာဆယ် တိုက်စစ်မှူး ကယ်လမ်က ဂိုးသမားနဲ့ နောက်တန်းလူတွေကို အသာကျော်ကန်ပြီး ဦးဆောင်ဂိုး စတင် သွင်းယူသွားပါတယ်။ ၃၉ မိနစ်မှာလည်း လောင်းစတက်ဖ်ရဲ့ ပေးပို့မှုကနေ အယ်လ်မီရွန်က တစ်ကိုယ်တော် ထိုးဖောက် ဆွဲပြေးပြီး နယူးကာဆယ်အတွက် ဒုတိယဂိုးကို ကန်သွင်းယူခဲ့ပြန်ပါတယ်။ ၅၃ မိနစ်မှာ ထောင့်ကန်ဘောကို ခံစစ်မှူး လန်းဂလက် ခေါင်းတိုက်ပြီး ချပေးတာကို တော့တင်ဟမ် အသင်းခေါင်းဆောင် ကိန်းက အနီးကပ် ခေါင်းတိုက် ပိတ်သွင်းပြီး သိက္ခာဆယ် ချေပဂိုးကို ရယူသွားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ အခုဆိုရင် ၂ ပွဲဆက် ရှုံးနိမ့်ထားပြီဖြစ်ပြီး နောက်က ကပ်လိုက်လာတဲ့ ပြိုင်ဘက်တွေနဲ့ အမှတ်ကွာဟချက်လည်း ပိုမို ကျဉ်းမြောင်းလာပြီ ဖြစ်ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
လိဒ်စ်ယူနိုက်တက် ၂ – ၃ ဖူလ်ဟမ်
ဝုလ်ဗ် ၀ – ၄ လက်စတာစီးတီး