မုံရွာမှာ ကင်းဝပ်နေတဲ့ စစ်သားတွေ ပစ်ခတ်ခံရပြီး တဦးသေ

မုံရွာမြို့ စက်မှုဇုန် အမှတ် (၂) ရဲစခန်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်လုပ်မောင်းပြန်သေနတ်တွေနဲ့ အလစ်ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကတဦးသေ၊ တဦးဒဏ်ရာရခဲ့တယ်လို့ Golden Eagle Force – Monywa က ထုတ်ပြန်ပါတယ်။

“ပစ်ခတ်ပြီးတဲ့အချိန်က ညပိုင်းဖြစ်တော့ ဒီကောင်တွေ လိုက်မလာရဲဘူး၊လက်ရှိတော့ မုံရွာမြို့တွင်း အိမ်စီးကား တွေနဲ့ ကင်းပတ်နေတာတွေရှိတယ်” လို့ Golden Eagle Force – Monywa ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို မနေ့က အောက်တိုဘာ (၂၁) ရက် ညကိုးနာရီဝန်းကျင်မှာပြုလုပ်ခဲ့တာဖြစ်ပြီး စစ်သားတဦး ပွဲချင်းပြီးသေဆုံးတဲ့အပြင်ထိခိုက်ဒဏ်ရာပြင်းထန်တဲ့တဦးကိုတော့ ဆေးရုံကားနဲ့တင်ခေါ်သွားရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးချိန်မှာ အနီးနားက စစ်ကောင်စီလက် အောက်ခံတွေက ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အခက်အခဲကတော့ အများကြီးပါ၊ အဓိက ကတော့ လက်နက်အစစ်မရှိတာပါပဲ၊လက်နက်အစစ်မရှိတဲ့အတွက် မစ်ရှင်ဖော်ဆောင်ရာတွေမှာ ရဲဘော်တွေရဲ့ အသက်အန္တရာယ်/ပြန်လည်ခုခံဖို့အခက်အခဲဒါတွေကအမြဲကြုံနေရတဲ့အခက်အခဲပါ” လို့ Golden Eagle Force – Monywa ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မုံရွာအခြေစိုက် Golden Eagle Force – Monywa ဟာ မုံရွာမြို့အနီးတဝိုက်မှာ စစ်ကောင်စီလက် အောက်ခံတွေကို လက်လုပ်မောင်းပြန်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး အခုလ (၁၆) ရက်ကလည်း စစ်ကောင်စီတပ်နဲ့ထိတွေ့မှုရှိပြီး စစ်သားတစ်ယောက် ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Golden Eagle Force – Monywa အနေနဲ့ မုံရွာမြို့တွင်း၊ မြို့ပြင် တိုက်ခိုက်ရေးအစီအစဉ်တွေ လုပ်ဆောင်ဖို့ရှိလို့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ တွေရှိရာနေရာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးရှောင်ပေးကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။