ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့က စားသောက်ဆိုင် ဆယ်ခုကို သတိပေးစာထုတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စားသောက်ဆိုင်( ၁၀) ဆိုင်ကို စစ်ကောင်စီကထုတ်လုပ်တဲ့ အရက်ဘီယာ အပါအဝင် စီကရက်အမျိုးမျိုး စတဲ့ ထုတ်ကုန် တွေကို မရောင်းချဖို့ ပုသိမ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ က အောက်တိုဘာလ (၁၀) ရက်နေ့မှာ သတိပေးစာ ထုတ်လိုက်တယ်လို့  သိရပါတယ်။

“အရက်လာသောက်တဲ့ လူတယောက်ကလိုင်းပေါ်မှာ တွေ့တာကိုပြလို့ မန်နေဂျာက သူသိပြီးပြီ လို့ပြောတယ် ။ မန်နေဂျာ ပြောတာကတော့ တို့ဘောစိက ကိစ္စမရှိဘူး ။ လုံခြုံရေး CCTV ကင်မရာ တွေရှိတယ် ။ အေး ဆေးပါကွာ” လို့ပြောကြောင်း စစ်ဗိုလ်တဦး ပိုင်ဆိုင်တဲ့  ဖြိုးဖြိုး စားသောက်ဆိုင်က ဝိတ်တာ တဦးက ပြောပါတယ်။

ပုသိမ်မြို့က နာမည်ကြီး စားသောက်ဆိုင်ကြီးတွေ ဖြစ်တဲ့ ဖြိုးဖြိုး ၊City Point ၊ကြည်ကြည်စံ၊ ရွှေကသစ်၊ အင်ပါယာ (၁) ၊ အင်ပါယာ (၂) ၊ မြကန်သာ၊ ဝမ်ဝမ်၊အိုအေစစ်၊ကန်သာယာ စတဲ့ စားသောက်ဆိုင်ကြီး (၁၀) ဆိုင်ကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးစာထုတ်ခဲ့တာ ဖြစ်ပါတယ် ။

စာထုတ်ခံရတဲ့ (၁၀) ဆိုင်အနက်  ကမ်းနားလမ်းက ဖြိုးဖြိုး၊City Point၊မြေနုလမ်းက ကြည်ကြည်စံ၊ 

ရွှေဝတ်မှုံလမ်းက အင်ပါယာ (၁)၊ မြကျွန်းသာလမ်းက အင်ပါယာ (၂)၊ ကင်မလင်းကျွန်းလမ်းမကြီးက မြကန်သာ၊ပုသိမ်မြို့ ကန်သုံးဆင့် ဂေါက်ကွင်းအတွင်းကအိုအေစစ် စားသောက်ဆိုင်တို့ ဟာ စစ်ကောင်စီ အဖွဲ့ဝင် အချို့ရဲ့ စီးပွါးဘက်ဆိုင် တွေပါ။

“စစ်ကောင်စီရဲ့ ပုသိမ်က အဓိက ဒေါက်တိုင် တွေပါ ။ စီးပွားရေးလုပ်ငန်းတွေ တွဲလုပ်ကြတဲ့ အပြင်ဆိုင်ပိုင်ရှင် နဲ့ မန်နေဂျာအချို့က တော်လှန်ရေး သမားတွေရဲ့ သတင်းတွေကို စုဆောင်းပေးတဲ့ ဒလန် အကြီးစားတွေပါ ” လို့ ပုသိမ်မြို့ခံ တဦးက  DNA ကိုပြောပါတယ်။

ဒါ့အပြင် ပုသိမ်မြို့ ကမ်းနားလမ်း Ocen Center ဘေးက Gandamar Ball Room စားသောက်ဆိုင် ဟာလည်း စစ်ကောင်စီတပ် အစောင့် အကြပ်နဲ့ ဖွင့်တဲ့ ပုသိမ်မြို့တွင်းက အဓိက ထောက်လှမ်းရေး စားသောက်ဆိုင်ဖြစ်ပြီး ကန်သုံးဆင့် ပန်းဥယာဥ် စားသောက် ဆိုင်ကလည်း စရဖ တပ်မှူး ဇနီးက မူလပိုင်ရှင်ဆီက ပြန်လည် ဝယ်ယူ ဖွင့်လှစ်တဲ့ဆိုင်လို့ သိရပါတယ်။

ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “ပညာပေးကာလ အနေနဲ့ သတ်မှတ်ပြီးအသိပေးထားပြီး ဖြစ်တယ်။ မလိုက်နာရင် ပြင်း ပြင်း ထန်ထန် လုပ်ဆောင်သွားဖို့ပဲရှိတယ်”လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်ကောင်စီက ထုတ်တဲ့အရက် နဲ့ ဘီယာ တွေ ရောင်းချနေတဲ့ မဟာ၊ယုံဖ၊ ပြုံးကမ္ဘာ စတဲ့ အရက်စတိုးဆိုင်ကြီးမျိုး (၁၀) ဆိုင်ခန့် နဲ့ စားသောက်ဆိုင် ၃၀ ကျော်၊ ဟိုတယ်နဲ့ KTV ဆိုင်(၄၀) ခန့် ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က စာရင်းပြုစုထားပါတယ် ။