အာဖရိကတိုက်က ဘာကီနာဖာဆို နိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို လက်အောက်ငယ်သားတွေက အာဏာပြန်သိမ်းလိုက်ကြောင်း သိရပါတယ်။
မြို့တော် အူဂါဒူဂူ အနီးတစ်ဝိုက်မှာ တစ်ရက်ကြာ အပြင်းအထန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့နောက် ဘာကီနာဖာဆို စစ်တပ် အရာရှိတချို့က စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး ပေါလ်ဟင်နရီ ဒါမီဘာကို ဖယ်ရှားလိုက်ပြီလို့ ကြေညာပါတယ်။ ရုပ်မြင်သံကြားကနေတဆင့် စစ်တပ်က တစ်နိုင်ငံလုံးကို မိန့်ခွန်းပြောရာမှာ ဗိုလ်ကြီး အီဘရာဟင် ထရာအိုယေးက စစ်အစိုးရကို ဆက်လက် ခေါင်းဆောင်သွားမယ်လို့ ကြေညာသွားပါတယ်။
လတ်တလောမှာတော့ ဘာကီနာဖာဆိုရဲ့ နယ်စပ် အဝင်အထွက်တွေနဲ့ လေယာဉ်ကွင်းတွေကို ပိတ်ထားလိုက်ပါတယ်။ အူဂါဒူဂါ အပါအဝင် နိုင်ငံရဲ့ ဒေသတချို့မှာ ညမထွက်ရ အမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။ စစ်အစိုးရရဲ့ သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ကြေညာထားခဲ့တဲ့ ဒါမီဘာတစ်ယောက် ဘယ်ရောက်နေသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပြည်တွင်းမှာ သောင်းကျန်းနေတဲ့ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေကို အစိုးရက ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဇန်နဝါရီလမှာ ဒါမီဘာ ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာပါ။ ဒါပေမဲ့ သူ့လက်ထက်မှာလည်း ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။
ထရာအိုယေးက ဒါမီဘာဟာ ဘာကီနာဖာဆို ပြည်သူတွေအပေါ် စစ်တပ်က ပေးအပ်ခဲ့တဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်ခဲ့ကြောင်း စွပ်စွဲပါတယ်။ စစ်တပ်ဟာ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ ကတိပေးထားပေမယ့် ဒါမီဘာက မျက်ကွယ်ပြုခဲ့ကြောင်း၊ ဒီကိစ္စကို စစ်တပ် အရာရှိတွေက အကြိမ်ကြိမ် ပြန်သတိပေးပေမယ့် ဒါမီဘာက ပယ်ချခဲ့ကြောင်း၊ ဒါကြောင့် ဒါမီဘာကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း ထရာအိုယေးက မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
အမေရိကန် ပြည်ထောင်စုက ဘာကီနာဖာဆိုမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ထုတ်ပြန်ပြီး ဆက်နွှယ်နေသူ မှန်သမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ ဘာကီနာဖာဆိုရောက် အမေရိကန် နိုင်ငံသားတွေ အသွားအလာ သတိထားကြဖို့လည်း ညွှန်ကြားထားပါတယ်။
အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အဖွဲ့ (ECOWAS)က ဘာကီနာဖာဆိုမှာ နောက်တစ်ကြိမ် စစ်တပ် အာဏာသိမ်းမှု ဖြစ်ခဲ့တာကို ရှုတ်ချပြီး ဖွဲ့စည်းပုံ ဥပဒေနဲ့ မညီညွတ်ဘဲ အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ် နောက်တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
သတင်းတွေအရ ဒါမီဘာဟာ စိတ်အပြောင်းအလဲ မြန်လွန်းသူ တစ်ယောက် ဖြစ်ခဲ့ပြီး လက်အောက်ငယ်သားတွေကြားမှာ လူကြိုက်များမှု နည်းလာရာက တပ်တွင်း အာဏာသိမ်းမှု ထပ်ဖြစ်တဲ့ အခြေအနေမျိုးထိ ဖြစ်ကုန်တာလို့ သိရပါတယ်။ ဇန်နဝါရီလတုန်းကတော့ ဒါမီဘာဟာ အရပ်သား သမ္မတ ရို့ချ်ကာဘိုရီဆီက အာဏာသိမ်းခဲ့ပြီး ကာဘိုရီဟာ နိုင်ငံကို အကြမ်းဖက် စစ်သွေးကြွတွေ ခြိမ်းခြောက်မှု တိုးလာတာကို မတားဆီးနိုင်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် စစ်အစိုးရ သမ္မတအဖြစ် တာဝန်ယူချိန်မှာလည်း အခြေအနေတွေက ထူးခြားမလာကြောင်း ပြည်သူတွေက ပြောပါတယ်။
၁၉၆၀ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့နောက်ပိုင်း ဘာကီနာဖာဆို နိုင်ငံမှာ အာဏာသိမ်းမှု ၈ ကြိမ် ကြုံခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
Ref: CNN