ဩဂုတ်၊ ၁၅
အာဖရိကတိုက်မှာ မျောက်ကျောက် (Mpox)ရောဂါ ကူးစက်မှုတွေကို နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။
အာဖရိကတိုက်ရဲ့ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့အစည်း တခုက ဒေသတွင်း အရေးပေါ် အခြေအနေ ကြေညာပြီး ၂၄ နာရီအတွင်း WHOဆီကလည်း အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မျောက်ကျောက်ဟာ ၂ နှစ်အတွင်း ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာရတဲ့ ရောဂါအဖြစ် မှတ်တမ်း ဝင်လာပါတယ်။
မျောက်ကျောက်ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားပြီး အဲဒီဗိုင်းရပ်စ်မှာ အဓိက မျိုးကွဲနှစ်ခု ရှိပါတယ်။ ၂၀၂၂ မှာ WHOက ၁၀ လကြာ အရေးပေါ် အခြေအနေ ကြေညာခဲ့ဖူးတဲ့ မျောက်ကျောက်ဟာ ပိုမိုပျော့ပျောင်းတဲ့ ဗိုင်းရပ်စ် အမျိုးအစား ကူးစက်မှုတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကို ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။ ဒီတကြိမ်မှာ ကွန်ဂိုနိုင်ငံကနေ အစပြုပြီး ပတ်ဝန်းကျင် နိုင်ငံတွေဆီ မြန်မြန်ဆန်ဆန် ကူးစက်လာနေတဲ့ မျောက်ကျောက်ကတော့ ပိုကြမ်းတမ်းတဲ့ ဗိုင်းရပ်စ် အမျိုးအစားကြောင့် ဖြစ်ပါတယ်။
WHOရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရို့စ် အက်ဒ်ဟနွမ် ဂျီဘရီးဆက်စ်က မျောက်ကျောက်ဟာ အာဖရိကတိုက်ရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့အစိတ်အပိုင်းတွေဆီ ရောက်လာနိုင်ခြေ မြင့်မြင့်မားမားနဲ့ စိုးရိမ်လောက်စရာ ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။
အခုအချိန်မှာတော့ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် နိုင်ငံအချင်းချင်း ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို လိုအပ်လာနေပြီလို့လည်း သူက သတိပေးခဲ့ပါတယ်။
မျောက်ကျောက်ဟာ မျောက်အပါအဝင် နို့တိုက်သတ္တဝါတွေမှာ ဖြစ်ပွားပြီး လူသားတွေဆီ ကူးစက်နိုင်ပါတယ်။ အရေပြားချင်းထိတွေ့တာ၊ လိင်ဆက်ဆံတာမျိုး အခြေအနေတွေအပြင် သတ္တု၊ ပိတ်စ၊ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်မှာ ကပ်ငြိရာကနေလည်း ရောဂါပိုးတွေ ပျံ့နှံ့နိုင်ပါတယ်။
ကျောက်ရောဂါ တမျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်အနှံ့ အနာတွေ ဖြစ်တာ၊ ဖျားနာတာတွေအပြင် အားအင်ကုန်ခမ်းတာ၊ ကြွက်သားတွေ နာကျင်တာစတဲ့ လက္ခဏာတွေကိုလည်း ခံစားရတတ်ပါတယ်။ လက္ခဏာတွေ ပြင်းထန်ရင်တော့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတတ်ပါတယ်။
သိပ္ပံပညာရှင်တွေကတော့ လက်ရှိ ကွန်ဂိုနဲ့ အနီးတဝိုက်မှာ ပျံ့နှံ့နေတဲ့ မျောက်ကျောက် ဗိုင်းရပ်စ်ဟာ ဆင့်ကဲသန္ဓေပြောင်းမှုတွေအရ အန္တရာယ် အကြီးဆုံး အမျိုးအစားတခု ဖြစ်နေတယ်လို့ ပြောပါတယ်။ နှစ်ဆန်းပိုင်းကစလို့ ကွန်ဂိုမှာ လူပေါင်း ၁၃၇၀၀ ကျော် ရောဂါ ကူးစက် ခံထားရပြီး ၄၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Ref: BBC