ဒီချုပ်ကိုယ်စားလှယ် ပို့စ်မှာ Like ၊ Share ၊ Comment လုပ်တဲ့ ဒေသခံနှစ်ဆယ်ကျော် အဖမ်းခံရ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီ က ဖမ်း၀ရမ်းထုတ်ခံထားရတဲ့ ဒီချုပ် လွှတ်တော် ကိုယ်စားလှယ်တဦးရဲ့ Face book က Post တွေမှာ Like ၊ Share ၊Comment ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ချက်နဲ့ ဒေသခံ ၂၀ ကျော်ဟာ စက်တင်ဘာလ (၂၃) ရက်နေ့ ညပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
” Facebookမှာ ပုံအမှန်တင်ထားပြီး တော်လှန်ရေးလုပ်နေတဲ့ ကိုယ်စားလှယ် ရေးတဲ့အောက် ပို့စ် မှာ Likeတို့ commentရေးတဲ့လူတွေ ကို စာရင်း အတိအကျနဲ့ လိုက်ဖမ်းတာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်နဲ့ ရဲအင်အားအလုံးအရင်းနဲ့ အိမ်တွေအထိ လိုက်ဖမ်းတာဖြစ်ပြီး ကန်ကြီးထောင့် မြို့ပေါ် ရပ်ကွက်တွေ အပြင် ဒါးကတိုက်နယ်ဘက်က ဒေသခံတွေလည်း အဖမ်းခံရတယ်လို့ သိရပါတယ်။
ကန်ကြီးထောင့်မြို့က စစ်ကောင်စီသတင်းပေး ဒလန်သန့်စင်ဦး နဲ့ ရဲဇော်လင်း တို့က တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သတ်တဲ့လူမှုကွန်ယက် Post တွေမှာ Like၊Share၊ Comment လုပ်သူတွေကို စာရင်းပြုစုပေးတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ (၂၀)ကျော်ကို ကန်ကြီးထောင့် မြို့မရဲစခန်းမှာ ချုပ်နှောင် ထားပါတယ်။ အဖမ်းခံရတဲ့ သူတွေထဲမှာ အသက်အရွယ် ကြီးတဲ့သူတွေနဲ့ ၊ ကျန်းမရေးမကောင်းတဲ့ သူတွေလည်း ပါဝင်ကြတယ်လို့ သိရပါတယ်။
“ဟုတ်တာ မဟုတ်တာ ၊ လုပ်တာမလုပ်တာအပထား စစ်တပ် နဲ့ ရဲက ဖမ်းပြီဆိုတာနဲ့ ရိုက်တော့တာလေ။ စိုးရိမ်တယ်”လို့ မိသားစုဝင်တဦးက ​ပြောပါတယ်။
ကန်ကြီးထောင်မြို့နယ် အတွင်းမှာ သတင်းပေးဒလန်တွေကြောင့် မကြာခဏ ဖမ်းဆီးခံရသူတွေ အများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။
ကန်ကြီးထောင့် မြို့မရပ်ကွက် က မဘသ ခေါင်းဆောင် မောင်မြင့်ဟာ ၂၀၂၁ စက်တင် ဘာလ အတွင်း ပစ်သတ်ခံခဲ့ရသလို သြဂုတ်လ အတွင်းကလည်း ကန်ကြီးထောင့်မြို့နယ် ၊ ကန်ကုန်းရွာက ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး အာဂျလာလည်း ဗုံးခွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။