မင်းကင်းက စစ်ကောင်စီ ရေကင်းဂိတ်တိုက်ခိုက်ခံရပြီး ရဲနဲ့ပျူစောထီးအဖွဲ့ဝင် ခုနစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်ယာတောရွာမှာ ရေကင်းဂိတ်လို့ အမည်တပ်ပြီး ပြည်သူတွေဆီက ပိုက်ဆံ ကောက်နေတဲ့ ရဲနဲ့ပျူစောထီးတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၁ ရက်မနေ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးတယ်လို့ S.R.Fတပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

“ရေကင်းဂိတ်ဆိုတာကချင်းတွင်းမြစ်ကမ်းဘေးဂိတ်ထိုးပီးလာသမျှရေယာဉ်တွေကိုပိုက်ဆံလိုက်ကောက်နေတဲ့နေရာပါဗျ၊ ကျွန်တော်တို့SRFကပြောက်ကြားတပ်စုတစ်စုက အဲ့ဒီပျူစောထီးရေဂိတ်အထိကိုစက်လှေဦး ထိုးပြီးကမ်း ပေါ်တက်သိမ်းခဲ့တာပါ” လို့ Student’s Revolutionary Force (S.R.F) တပ်ဖွဲ့ သတင်းပြန်ကြား ရေးတာဝန်ခံ က ပြောပါတယ်။

တိုက်ပွဲမှာ ရဲနဲ့ပျူစောထီးအဖွဲ့ဝင်တွေထဲက ငါးယောက်သေဆုံးပြီး လေးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပေမယ့် ဒဏ်ရာနဲ့ထွက်ပြေးသူတွေထဲက နှစ်ဦးထပ်မံသေဆုံးကြောင်းသိရတဲ့အတွက် စုစုပေါင်း ခုနစ်ဦးသေဆုံးတာဖြစ်တယ်လို့ သူကပြောပါတယ်။

S.R.F တပ်ဖွဲ့ဝင် တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

” ရဲဘော်(၁၂)ယောက်နဲ့ ဘန်ကာထိရောက်အောင်ဝင်စီးခဲ့တာပါ၊ ပြောက်ကျားတိုက်ပွဲဆိုတော့ သတင်းအချက် အလက်လုံခြုံဖို့အရေးကြီးတယ်ဗျ၊ လူနည်းနည်းနဲ့ပဲထိရောက်အောင်လုပ်ရတာ” လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီတိုက်ပွဲကနေ MA-3ရိုင်ဖယ် သေနတ်တလက်နဲ့လက်လုပ်ပစ္စတိုနှစ်လက်အပါဝင် ခဲယမ်းတွေနဲ့ ရဲနဲ့ပျူစောထီး တွေက ပြည်သူတွေဆီကကောက်ခံထားတဲ့ငွေကျပ်ရှစ်သိန်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ S.R.F တပ်ဖွဲ့ရဲ့ ထုတ် ပြန်ချက်ကဆိုပါတယ်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာ ပြည်သူဆီကငွေကောက်ခံနေတဲ့စစ်ကောင်စီဂိတ်တွေ အများအပြားရှိ နေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာသင့်တယ်လို့ S.R.F အဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။