မနေ့က မင်းကင်းတိုက်ပွဲအတွင်း စစ်အုပ်စုက ၁၁ ဦးသေ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်လက်ဒေသ အထက်စသာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၁ ဦး သေဆုံးသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြစ်ရိုးအထက်ဒေသက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က မေလ ၈ရက်နေ့မှာ ကူလဲကျေးရွာနဲ့ အောက်စသာကျေးရွာမှာ စခန်းချထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးအင်အား ၅၀ကျော်ဟာ အထက်စသာကျေးရွာဘက်ကို စစ်ကြောင်းထိုးတက်လာတာကြောင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၊ တပ်ခွဲ ၁ က ဦးဆောင်ကာ ကြားဖြတ်တိုက်ခိုက်ဖို့ နေရာယူထားစဉ် ပျူစောထီး ၁ ဦး တိုက်မိုင်းထိမှန်ကာ သေဆုံးသွားခဲ့တာပါတယ်။
မိုင်းထိပြီးနောက် မင်းကင်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုက အင်အားဖြည့်ရောက်ရှိလာပြီး ညနေ ၃ နာရီခန့်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်အုပ်စုက ၁၀ ဦး ထပ်မံ သေဆုံးကာ ၁၁ ဦးခန့် ပြင်းထန်ဒဏ်ရာတွေ ရရှိသွားပြီး မင်းကင်းဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ ဒေသခံ ပကဖရဲဘော်တစ်ဦး ကျည်ထိမှန်ကာ သွေးထွက်လွန်ပြီး ကျဆုံးခဲ့ရတယ်လို့ မင်းကင်း ပကဖရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။