ကိုယ်ပိုင် CR7 အမှတ်တံဆိပ်အတွက် မော်ဒယ်လ်လုပ်ခဲ့တဲ့ ရော်နယ်လ်ဒို 

Photo – Daily Mail

ကိုယ်ပိုင် အတွင်းခံဖက်ရှင် အမှတ်တံဆိပ်အတွက် ကိုယ်တိုင် မော်ဒယ်လ်အဖြစ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို ခရစ္စတီယာနို ရော်နယ်လ်ဒိုက ထုတ်ပြလိုက်ပါတယ်။ 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ ဘောလုံးသမား ဘဝမှာ အတောက်ပဆုံး အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ဖူးသလို ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ် အချိုးအစားတွေကြောင့် မော်ဒယ်လ် တစ်ယောက် အနေနဲ့လည်း အခက်အခဲမရှိ ရပ်တည်ခဲ့ပါတယ်။ သူဟာ ကမ္ဘာကျော် အမှတ်တံဆိပ် တချို့အတွက် ပင်တိုင် မော်ဒယ်လ်အဖြစ် စာချုပ် ချုပ်ဆိုခဲ့ဖူးပါတယ်။ 

အခုတစ်ကြိမ် ထုတ်ပြလိုက်တဲ့ ပိုစတာ ဓာတ်ပုံကတော့ သူ့ကိုယ်ပိုင် အတွင်းခံဖက်ရှင် အမှတ်တံဆိပ် CR7အတွက် ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ရော်နယ်လ်ဒိုက သူ့ရဲ့ စနစ်တကျ တည်ဆောက် ပျိုးထောင်ယူထားတဲ့ ကြွက်သားတွေကို ပြသထားပြီး ရွှေရောင် လက်ဝှေ့အိတ်တွေကို ဝတ်ဆင်ရင်း ကိုယ်ဟန်ပြထားတာ တွေ့ရပါတယ်။ ရော်နယ်လ်ဒိုက ပရိသတ်တွေဆီ ဓာတ်ပုံကို မျှဝေပေးချိန်မှာ “စိတ်ဓာတ်ကျတာတွေကို တွန်းအားအဖြစ် ပြောင်းလဲဖို့၊ အပြစ်တွေကို အောင်ပွဲအဖြစ် ပြောင်းလဲဖို့”လို့ အညွှန်းစာ ရေးသားထားပါတယ်။ 

သူဝတ်ဆင်ထားတဲ့ အတွင်းခံဘောင်းဘီရဲ့ ခါးစည်းကြိုးမှာ CR7ဆိုတဲ့ စာလုံးကို ထင်ထင်ရှားရှား ရေးထိုးထားတာ တွေ့နိုင်ပါတယ်။ ရော်နယ်လ်ဒိုဟာ စျေးကွက်ထဲမှာ အရည်အသွေး မြင့်မြင့်နဲ့ ထိုးဖောက်မယ်လို့ ကြွေးကြော်ပြီး ၂၀၁၃ ခုနှစ်မှာ CR7 အမှတ်တံဆိပ်ကို စပြီး မိတ်ဆက်ခဲ့ပါတယ်။ 

CR7 ထုတ်ကုန်သစ်တွေကို မိတ်ဆက်တဲ့ အညွှန်းမှာတော့ ကုမ္ပဏီရဲ့ ဖန်တီးမှုတွေဟာ အရင်လိုပဲ ပုံမှန် ဝတ်ဆင်ဖို့ အတွက်ရော၊ အားကစားသမားတွေ အတွက်ပါ ရည်စူးပြီး ဒီဇိုင်းထုတ်ထားကြောင်း ဖော်ပြထားပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ် ရရှိဖူးတဲ့ ရော်နယ်လ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာတော့ ယူနိုက်တက်ရဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ဖို့ ရုန်းကန်နေရပြီး သွင်းဂိုးလည်း ၁ ဂိုးသာ ရရှိထားပါသေးတယ်။

Delta News

Read Previous

ကလေးဝ မစိန်ကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်

Read Next

ထိုင်းအစိုးရအရာရှိ ၁၁ ဦး အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံရ