ရွှေသောင်ယံကမ်းခြေမှာ ရိုဟင်ဂျာ သုံးဆယ့်တဦး အဖမ်းခံရ

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စု နွယ်ညိုချောင်းကျေးရွာမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ရိုဟင်ဂျာ (၃၁) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“သူတို့ အုပ်စု အကုန်လုံးကို နွယ်ညိုချောင်း တောစပ် မှာ ဖမ်းမိတာ ။ စက်လှေ နဲ့ လာတာ ၊ စက်လှေကိုတော့ မမိဘူး”လို့ ဒေသခံတစ်ဦးက ​ဆိုပါတယ်။
အဖမ်းခံရသူတွေထဲမှာ အမျိုးသမီး (၁၂) ဦး ၊ အမျိုးသား(၁၉)ဦး ပါဝင်တယ်လို့ သိရပါတယ် ။
သူတို့ဟာ ရခိုင်ပြည်နယ် ရသေ့တောင် ၊ ဘူးသီးတောင် နဲ့ မင်းပြားဒေသမှာ နေထိုင်သူတွေလို့ သိရပြီး ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက်လာတယ်လို့ လဝကဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပုသိမ်ဒေသခံ မူဆလင် လူမှုရေးအဖွဲ့ဝင်တဦးရဲ့ ပြောပြချက်အရ ကုန်သည် ၊ ပွဲစားတွေက စက်လှေနဲ့ ခေါ်လာပြီး ရွှေသောင်ယံကမ်းခြေမှာ ချထားတာ ခံရတာဖြစ်ပြီး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ခိုးဝင်လာသူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ရခိုင်ဘက်မှာက နိုင်ငံရေးအခြေအနေ အရမ်းဆိုးနေတယ် ။ နေရေး ၊ စားရေး အခြေအနေ မကောင်းလို့ ပြောင်းလာကြတာ”လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ (၃၁)ဦးကို ရွှေသောင်ယံမြို့ ၊ နယ်မြေရဲစခန်းမှာ ထားပြီး စစ်ဆေးမေးမြန်းတာနဲ့ ကိုဗစ်ရောဂါ ရှိ၊မရှိ စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ညကလည်း ရွှေသောင်ယံမြို့ အနောက်ဘက် ပင်လယ်ပြင်မှာ စစ်ကောင်စီရဲ့ ရေတပ်က ရိုဟင်ဂျာ (၄၈)ဦးပါဝင်တဲ့ စက်လှေတစီးကို ဖမ်းဆီးခဲ့သေးတာ ဖြစ်ပါတယ်။
ရိုဟင်တွေကို ဖမ်းမိတဲ့ သဲဖြူကျေးရွာအုပ်စု ၊ နွယ်ညိုချောင်းရွာဟာ အမြောက်တပ်စခန်း နဲ့ ပင်လယ်ပြင် စိုးမိုးရေးတပ် ခလရ (၂၇၁) ရှိနေတဲ့ တပင်မော် စစ်စခန်းခြေရင်း အနီးမှာ ရှိနေတာလို့ သိရပါတယ်။
ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ နယ်မြေထိစပ်နေပြီး ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေ ရေလမ်း နဲ့ရော ကုန်းလမ်းနဲ့ပါ မကြာခဏ နယ်မြေဖြတ်ကျော် ဝင်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။