မိုးဗြဲမြို့တိုက်ပွဲတွေကြောင့် ပြည်သူတွေလုံခြုံစိတ်ချတဲ့နေရာတွေမှာနေထိုင်ပေးကြဖို့ MB PDF သတိပေး

Photo – Google

မိုးဗြဲမြို့နေရာအများစုမှာ အကြမ်းဖက်စစ် ကောင်စီတပ်ဖြန့်နေပြီး တိုက်ပွဲတွေအချိန်မရွေး ဖြစ်လာနိုင်လို့ မိုးဗြဲနေပြည်သူတွေအနေနဲ့လုံခြုံစိတ်ချရတဲ့ နေရာတွေမှာနေထိုင်ပေးကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်(MBPDF)က ဒီနေ့ (စက်တင်ဘာ ၁၉) ရက်နေ့မှာထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့အတွင်း တကျော့ပြန် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် မိုးဗြဲ မွေတော်ဘုရားကျောင်းတွင် စစ်ဘေးရှောင် ခှိုလှုံနေတဲ့ အပြစ်မဲ့ ပြည်သူ ၁၃ ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး အသက် ၁၀ နှစ်အောက် ကဘေးငယ်နှစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ကကစပြီးအင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့မှာ တပ်စွဲဖို့ ကြိုးပမ်းလာပြီး နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲ ထားတဲ့ နေရာကို ကရင်နီပူးပေါင်းတပ်တွေက နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံမှ MA1 – ၃ လက်၊ MA2 – ၃လက်၊ MA3 – ၆ လက်၊ ငါးကြင်းမှီး – ၁ လက် အပါအဝင်လက်နက်ကြီးကျည်တွေအပါအဝင် ခဲယမ်းများစွာသိမ်းဆည်းရ ရှိခဲ့သလိုစစ်ကောင်စီ တပ်သား ၆၀ဦးထက်မနည်းသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။