အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ချက်ချင်းပြန်ယူခဲ့တဲ့ အာဆင်နယ်

Photo – Mirror

မနေ့ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းဟာ ဘရန့်ဖို့ဒ် အသင်းကို ဂိုးပြတ် အနိုင်ယူခဲ့ပြီး မန်ချက်စတာ စီးတီးဆီ တစ်ရက်ကြာ လွှဲပေးထားရတဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည် သိမ်းပိုက်လိုက်ပါတယ်။ ဗြိတိန် ဘုရင်မကြီး ဈာပန ကိစ္စကြောင့် ရဲအရေအတွက် မလုံလောက်တဲ့အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားလိုက်ပါတယ်။ အဲဗာတန်နဲ့ ဝက်စ်ဟမ်း ယူနိုက်တက် တွေ့ဆုံမှုမှာတော့ အိမ်ရှင် အဲဗာတန်က ၁-၀ နဲ့ အနိုင်ရသွားပါတယ်။

လက်ရှိရာသီမှာ အထိုက်အလျောက် ရလဒ်ကောင်းနေတဲ့ ဘရန့်ဖို့ဒ်ဟာ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အာဆင်နယ်ရဲ့ တိုက်စစ်ကို တောင့်မခံနိုင်ခဲ့ပါဘူး။ အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်အပေါ် အဖက်ဖက်က အသာစီး ယူခဲ့ပြီး ပထမပိုင်းမှာ ကတည်းက အနိုင်ရလဒ် ပြတ်သားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ဆာကာ ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို နောက်ခံလူ ဆာလီဘာက ခေါင်းတိုက်ပြီး အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ၂၈ မိနစ်မှာ ကွင်းလယ်က ရှာကာ ခုပ်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ဂျေးဇူးစ်က ခေါင်းတိုက်ပြီး ဒုတိယဂိုးအဖြစ် ပြောင်းလဲခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ အာဆင်နယ်က ၂-၀ နဲ့ ဦးဆောင်နေပါတယ်။ ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာပဲ ညာခြမ်းက ဆာကာ ပေးပို့တာကို အာဆင်နယ် ကစားသမားသစ် ဗီအဲရာက ပင်နယ်တီ ဧရိယာ အပြင်ဖက်နားကနေ အပြင်းကန်သွင်းပြီး အနိုင်သေချာစေမယ့် တတိယဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်ဟာ စီးတီးကို ၁ မှတ်အသာယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို ပြန်တက်လှမ်းလာပြီ ဖြစ်ပါတယ်။

နောက်ထပ် ပွဲစဉ်မှာတော့ အဲဗာတန်က အိမ်ကွင်း ဂွတ်ဒီဆင်ပက်ခ်မှာ ဝက်စ်ဟမ်းကို အနိုင်ရခဲ့ပါတယ်။ ပွဲရဲ့ တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် ၅၃ မိနစ်မှာ အီဝိုဘီ ပေးပို့တဲ့ ဘောလုံးကို တိုက်စစ်မှူး မော်ပေးက ပြိုင်ဘက် ခံစစ်မှူး ၃ယောက် လူကပ်ထားတဲ့ ကြားကနေ လှလှပပ ကန်သွင်းပြီး ရယူသွားတာ ဖြစ်ပါတယ်။