ထိုင်ဝမ်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

Photo- Stuff

ထိုင်ဝမ်ကျွန်း အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၁၈ ရက်မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နေအိမ် အဆောက်အအုံတချို့ ထိခိုက် ပျက်စီးခဲ့ပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ကုန်းတွင်းပိုင်း ငလျင်ရဲ့ ပြင်းအားကို ရစ်ချ်တာစကေး ၇.၂ လို့ ကြေညာပြီး နောက်ပိုင်းမှာတော့ ရစ်ချ်တာစကေး ၆.၉ အဆင့်လို့ ပြန်ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ အဲဒီ ငလျင်ဟာ ကျေးလက် ဧရိယာဖြစ်တဲ့ ချီရှန်ဒေသကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် အာဏာပိုင်တွေက ငလျင်ဗဟိုချက်နဲ့ နီးကပ်တဲ့ ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး နိုးနိုးကြားကြား ရှိကြဖို့ ဒေသခံတွေကို သတိပေးထားပါတယ်။

ငလျင်ကြောင့် ထိုင်ဝမ် တောင်ပိုင်းနဲ့ အရှေ့ဖျား ဒေသတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် လူအသေအပျောက် ဘယ်လောက်များသလဲ ဆိုတာတော့ မသိရသေးပါဘူး။ အိမ်ခြေ အဆောက်အအုံတချို့ ပြိုကျပြီး ပိတ်မိနေသူတွေ ရှိတယ်လို့လည်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ခုတ်မောင်းနေတဲ့ ရထားတစ်စီးကလည်း ရထားတွဲ လမ်းချော်မှု ဖြစ်ခဲ့တာကြောင့် လူ ၂၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ငလျင်ဘေးသင့် ဒေသတွေမှာ ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်ဖို့ ချက်ချင်း ညွှန်ကြားခဲ့ပါတယ်။ ပြီးတော့ နောက်ဆက်တွဲ ငလျင်ငယ်တွေနဲ့ ပတ်သက်ပြီး နိုးနိုးကြားကြား ရှိကြဖို့လည်း အစိုးရက သတိပေးထားပါတယ်။

ထိုင်ဝမ်စစ်တပ်ကလည်း ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါ​ဝင် အားဖြည့်ဖို့အတွက် စစ်သည် ၁၀၀ ကျော်ကို နိုင်ငံ အရှေ့ပိုင်း နယ်မြေတွေဆီ ချက်ချင်း စေလွှတ်ခဲ့ပါတယ်။

ထိုင်ဝမ်မှာ စက်တင်ဘာ ၁၇ ရက်ကလည်း ရစ်ချ်တာစကေး ၆.၄ အဆင့် ငလျင်တစ်ခု အဲဒီဧရိယာကိုပဲ ဗဟိုပြု လှုပ်ခတ်ခဲ့သေးပေမယ့် အပျက်အစီး ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိရပါတယ်။  

Ref: Stuff