စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဂန့်ဂေါမြို့က လူထုဆန္ဒထုတ်ဖော်ပွဲ

Photo – Photo ဂန့်ဂေါ PDF

တစ်မြို့နယ်လုံးနေရာအနှံ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးခြင်းခံနေရတဲ့ ဂန့်ဂေါမြို့နယ်မှာ ပြည်သူ့အစိုးရ NUG နှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါမြို့နယ်ကဒေသခံ ပြည်သူ နှစ်ရာဝန်းကျင်တက်ရောက်ခဲ့ပြီး ကျေးရွာ ကာ ကွယ်ရေးအဖွဲ့ဝင်တွေလည်း တက်ရောက်ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းက ဦးဆောင်ကျင်းပပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

“ကိုယ့်ပြည်သူကိုယ်စောင့်ရှောက်ရတာတာဝန်အဖြစ်ခံယူပါတယ်” လို့ တပ်ရင်း ၃၉၀၁ အမှတ်- ၁ စစ်ဒေသ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် လုံခြုံရေးအခြေအနေအရဆန္ဒထုတ်ဖော်ပွဲမှာ ဟောပြောမူတွေမပါဝင်ပဲ အာဏာရှင်ပြုတ်ကျရေးကြွေးကြော်သံတွေ၊ NUG နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုထောက်ခံကြောင်းကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ဂန့်ဂေါမြို့နယ်အနှံစစ်ကြောင်းထိုးနေပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ကြားက လူထုဆန္ဒထောက်ခံပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။