ကျောက်ကပ်ရောင်းပြီး iPhone ဝယ်မယ်လို့ ဟာသလုပ်နေတာတွေကို ထိုင်းကြက်ခြေနီအဖွဲ့ ဝေဖန်

Photo – Facebook

iPhone အသစ်ဝယ်ဖို့ ကျောက်ကပ် ထုတ်ရောင်းမယ် ဆိုတာမျိုး စကားတွေကို နောက်ပြောင်ပြီးတောင် မပြောသင့်ဘူးလို့ ထိုင်း ကြက်ခြေနီ အဖွဲ့က ဝေဖန်သွားပါတယ်။

 Apple ကုမ္ပဏီရဲ့ နာမည်ကျော် တန်ဖိုးကြီး စမတ်ဖုန်းဖြစ်တဲ့ iPhone အသစ် တစ်မျိုးကို မိတ်ဆက်လိုက်တိုင်း ကိုယ်တွင်း ကလီစာတွေ ထုတ်ရောင်းပြီး အဲဒီဖုန်းကို ဝယ်ကိုင်မယ် ဆိုတာမျိုး နောက်ပြောင်တဲ့ ပို့စ်တွေ လူမှုကွန်ရက်ပေါ် ဝေမျှကြတာ ထုံးစံလိုတောင် ဖြစ်နေပါပြီ။ အခုလည်း iPhone 14 အသစ်ထွက်လာတဲ့နောက် လာအိုမှာရှိတဲ့ အလှအပရေးရာ ဆေးခန်း တစ်ခုက ဗိုက်ဖောက်ပြီး ပြန်ချုပ်ထားပုံရှိတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က iPhoneတွေ ကိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

 အဲဒီဓာတ်ပုံဟာ အတော်လေး လူသိများသွားပြီး Facebookနဲ့ Twitterတို့မှာ မျှဝေသူ အများအပြား ရှိလာခဲ့ပါတယ်။ ပုံရဲ့ မူရင်း ရည်ရွယ်ချက်က ခေတ်ရေစီးကြောင်းကို လိုက်ပြီး နောက်ပြောင်ထားတာ ဆိုပေမယ့် ထိုင်းကြက်ခြေနီ အဖွဲ့ဝင် ဒေါက်တာ ဆိုဖွန် မက်သွန်ကတော့ ဒီကိစ္စအပေါ် ဟာသလို့ မမြင်ပါဘူး။ ဒေါက်တာ ဆိုဖွန်ဟာ ကြက်ခြေနီ အဖွဲ့ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှု ဌာနမှာ အလုပ်လုပ်နေသူပါ။

 ဒေါက်တာ ဆိုဖွန်က ကုန်ပစ္စည်း တစ်ခုကို လိုချင်လို့ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းနဲ့ လဲလှယ်တယ် ဆိုတာမျိုးက တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့ ကိစ္စမျိုးလို့ ပြောပါတယ်။ အွန်လိုင်းပေါ်မှာ ဒီကိစ္စမျိုးကို အပျော်သဘော နောက်ပြောင် ပြောဆိုနေပေမယ့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တရားမဝင် ရောင်းဝယ်မှုကို အားပေး အားမြှောက်ရာ ရောက်နေတယ်လို့ သူက ဆိုပါတယ်။ iPhone တစ်လုံး လိုချင်လို့ ကျောက်ကပ်တစ်လုံး ထုတ်ရောင်းပါတယ် ဆိုတာမျိုး စတန့်ထွင်ပြီး ဟာသလုပ်နေတာတွေက လုံးဝ မသင့်တော်သလို ကျင့်ဝတ်ပိုင်းနဲ့လည်း မညီဘူးလို့ သူက ဝေဖန်သွားပါတယ်။

 ဒေါက်တာ ဆိုဖွန်က လာအိုမှာရှိတဲ့ အလှအပဆိုင်ရာ ဆေးခန်းရဲ့ စတန့်ထွင် ရိုက်ကူးထားတဲ့ ဓာတ်ပုံအပေါ် အတော်လေး စိတ်ပျက်နေပါတယ်။ ဒီလို ဟာသမျိုးက လုံးဝ မရယ်ရကြောင်း၊ ဒီဓာတ်ပုံ တစ်ပုံဟာ လူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိလာမလဲ ဆိုတာကို စဉ်းစား တွေးခေါ်ဖို့လိုကြောင်း သူက ဆိုပါတယ်။

 အင်တာနက်ပေါ်မှာတော့ iPhone အသစ် ကိုင်ချင်လွန်းလို့ ကိုယ်တွင်း ကလီစာတွေ ထုတ်ရောင်းရမယ်ဆိုတဲ့ နောက်ပြောင်မှုမျိုးအပြင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ငွေရှာသင့်ရင် ရှာရမယ်ဆိုတဲ့ ဟာသမျိုးတွေ မကြာခဏ တွေ့ရတတ်ပါတယ်။

 Appleဟာ iPhone 14နဲ့ iPhone 14 Plusတို့ကို ဒေါ်လာ ၈၀၀ ကနေ ဒေါ်လာ ၁၆၀၀ အတွင်း စျေးနှုန်းတွေ သတ်မှတ် ရောင်းချသွားမှာ ဖြစ်ပါတယ်။