အမျိုးသားနိုင်ငံတော်များ ပေါ်ထွန်းလာအံ့ 

မြန်မာစစ်တပ်အနေနဲ့ “မရဲဘဲ ကျွဲပြဲစီး” ပြီးခဲ့ပါပြီ။ “မျက်ကန်း တစ္ဆေမကြောက်” “ဆန်ကန်း တောတိုး” ဇွတ်တိုး မိုက်တွင်းနက်ခဲ့ပြီးပါပြီ။ ဆက်လက်ပြီး မိုက်တွင်းနက်ဖို့လည်း ဝန်လေး တွန့်ဆုတ်သူ မဟုတ်ဘူးဆိုတာ သိသာ ထင်ရှားနေပါတယ်။ ဒီတော့ လူမိုက်နဲ့ အပြိုင် မိုက်ကြရာမှာ – စည်းမရှိ ကမ်းမရှိ ၊ မူမရှိ ဘောင် မရှိ ၊ အကွပ်မရှိ အကန့် မရှိ – လုပ်နေလို့တော့ မရပါဘူး။ ဒါဆိုရင်တော့ လူမိုက်ထက် ပိုမိုက်တဲ့ “ငမိုက်သား” ဖြစ်သွားပါလိမ့် မယ်။ 

ဖက်ဒရယ်လစ် / ဒီမိုကရက်တစ် 

ပြည်မနဲ့ တောင်တန်းကို ကြည့်တဲ့အခါ — တောင်တန်းက ဖက်ဒရယ်ကို ပိုအော်ပါတယ်။ ပြည်မက ဒီမိုကရေစီ ကို ပိုအော်ပါတယ်။ ဖက်ဒရယ်ဟာ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဘက်ကို ပိုယိမ်းပါတယ်။ ဒီမိုကရေစီဟာ – လူတစ်ဦးချင်း လွတ်လပ်ခွင့်အပေါ်မှာ ပိုယိမ်းပါတယ်။ အုပ်စုဝါဒတွေ အမျိုးအလိုက်၊ ယုံကြည်မှုအလိုက် အပြိုင်ဖြစ်ထွန်းခဲ့တဲ့ အတိတ်သမိုင်း ရှိခဲ့တဲ့ မြန်မာပြည်မှာ — ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်ရင် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဖြစ်နေတာတွေလည်း ကြုံခဲ့ရပါတယ်။ 

ဖက်ဒရယ် ဒီမိုကရေစီ နဲ့ ဒီမိုကရေစီ ဖက်ဒရယ် ဆိုတာကိုတောင် အကြိတ်အနယ် အငြင်းအခုန် ဖြစ်ခဲ့ကြတာပါ။ ဒါ့အပြင် “ဒီမိုကရေစီလား — ဒီမိုကရက်တစ်လား” ဆိုတာတောင် အငြင်းပွားကြပါသေးတယ်။ ဘာကို မြင်လို့ ဘယ်လို အငြင်းပွားတယ် မသိပါ။ စကားလုံးတစ္ဆေခြောက်ခံရတာလား၊ သို့တည်းမဟုတ် ကြားဖူးနားဝနဲ့ လေဖမ်း ဒန်းစီးပြီး ပြောတာလား — မသိပါ။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ အဲသည့် တစ်ခုခုက ဘာလဲဆိုတာ ကျနော်လည်း မသိပါ။ 

အမျိုးသားရေးနိုင်ငံများပေါ်ထွန်းလေမလား 

လက်ရှိ မြန်မာ့နိုင်ငံရေးပဋိပက္ခရဲ့ outcome ကို ကြည့်တဲ့အခါ၊ နောင် လေးငါးဆယ်နှစ်အတွင်း “အမျိုးသားနိုင်ငံ” တွေများ ပေါ်ထွက်လာမလား လို့ မှတ်ထင်ရလောက်အောင် ဖြစ်နေတဲ့ အခင်းအကျင်းမျိုး တွေ့နေရပါတယ်။ နွားခြေရာခွက်လောက်ပဲရှိတဲ့ မြန်မာပြည်မြေပုံထဲမှာ — အမျိုးသားမြေပုံတွေ ခပ်စိပ်စိပ် ပေါ်ထွက်လာမလား လို့ တွက်ဆနေမိပါတယ်။ လက်ရှိ အချိန်ဟာ – ဖြစ်ချင်ရာ ဖြစ်လို့ရတဲ့အချိန်၊ လက်ရှိ အချိန်ဟာ ဖြစ်နိုင်တာတွေ ဖြစ်လာနေတဲ့ အချိန် လို့ နားလည်နေပါတယ်။ မရှေးမနှောင်း အနာဂတ်ကာလမှာ — သက်ဆိုင်ရာ လူမျိုးစု အသီးသီးဟာ သူတို့ရဲ့ အမျိုးသားရေးစုဖွဲ့မှုမှာ ပိုမို ကျယ်ပြန့်ပြီး ပိုမိုစနစ်ကျအောင် စုဖွဲ့ကွန်ယက်ဖြန့်ကျက်လာ နေကြတယ်ဆိုတာ အရိပ်အယောင် ပြတ်ပြတ်သားသား မြင်နေရပါတယ်။ 

လူမျိုးစုတိုင်းဟာ — ကိုယ်ပိုင်တပ် ရှိလာဖို့ ကြိုးစားနေတာကြာပါပြီ။ အဲသည့်အထဲမှာ စုစည်းကျစ်လစ်ပြီး စနစ်ကျတဲ့ အမိန့်ပေးကွပ်ကဲမှုပုံစံကို တည်ဆောက်ထားနိုင်တဲ့လူမျိုးစု အဖွဲ့တွေ ရှိလာပါပြီ။ တစ်ဂူတည်းမှာ ခြင်္သေ့ နှစ်ကောင် မအောင်းဘူးဆိုတဲ့မူကို ဆွဲကိုင်ပြီး ၊ လူမျိုးတစ်မျိုး – တပ်တစ်ခု အနေနဲ့ ကိုယ်စားပြုမှု ဗျာမများအောင် လုပ်ဆောင်ခဲ့တာ၊ လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ လူမျိုးစုဖက်ဒရယ်လစ်ဝါဒီတွေ မှာ အမျိုးသားရေးဝါဒ ကဲတဲ့ သဘောအနက်ကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ အဲသည့်အထဲမှာ လစ်ဘရယ် နေရှင်နယ်လစ်တွေကို များများတွေ့ရဖို့ မျှော်လင့်ပေမယ့်၊ လက်နက်ကိုင်တပ်ကို ခေါင်းဆောင်တဲ့ စစ်ရေးခေါင်း ဆောင်တွေမှာ ဘယ်လောက်အတိုင်းအတာအထိ လစ်ဘရယ်စိတ်အခံ ရင့်ကျက်မလဲဆိုတာ တရားသေ မပြော နိုင်ပါ။ တရားသေ မမျှော်လင့်နိုင်ပါလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ 

သွေးဗဟိုပြုနိုင်ငံရေး အားသန်

မြန်မာပြည်တွင်းက ဖက်ဒရယ်လစ်ဝါဒီတွေကို ကြည့်ရင်၊ အမျိုးသားရေးစိတ်ကဲတာတွေ့ရပါတယ်။ အမျိုးသား ရေးစိတ်ကဲတာဟာ — သွေးဗဟိုပြုနိုင်ငံရေးကို အားသန်အောင် တွန်းအားပေးပါတယ်။ အမျိုးအဆွေနဲ့ ဇာတိပဝတ္တိအပေါ်မှာ ပြင်းရှထက်သန်တဲ့ စွဲလမ်းစိတ် ရှိကြပါတယ်။ သွေးဗဟိုပြုနိုင်ငံရေးကို အားသန်တဲ့ အမျိုး သားရေးအုပ်စုတွေအကြားမှာ — ဖက်ဒရယ်ဝါဒက အကျယ်အပြန့် စိမ့်ဝင်လာနိုင်ပြီဆိုရင်၊ အမျိုးသားနိုင်ငံ အိပ်မက်တွေနဲ့ အချင်းချင်းအကြား ပါဝါမျှခြေကို ရှာဖို့ ကြိုးစားအားထုတ်လာကြတာကိုတွေ့နိုင်ပါတယ်။ ဒီမိုကရက်တစ်မဖြစ်တဲ့ စစ်ခေါင်းဆောင်တွေဟာ — ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်မှုရှိတဲ့ ဖက်ဒရယ်စုဖွဲ့မှုကို အလိုရှိကြတဲ့အခါ ဒီမိုကရက်တစ် စံတန်ဖိုးတွေအပေါ် အခြေခံပြီး တည်ဆောက်လိုစိတ် မရှိကြတာတွေ့ရပါ တယ်။ သူတို့ကိုယ်၌က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်မှု နဲ့ လူမျိုးစုအချင်းချင်းအကြား တန်းတူညီမျှမှုကို ပိုပြောပြီး တစ်ဦးချင်းအခွင့်အရေးနဲ့ တစ်ဦးချင်းလွတ်လပ်ခွင့်ကို ဇောင်းပေးပြောတာမျိုး လုပ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် — လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးအလွန်ကာလမှာ — စစ်ဘုရင်တွေ ဦးဆောင်တဲ့ အမျိုးသားနိုင်ငံမျိုးတွေ ပုံထွက်လာပြီး ကွန်ဖက်ဒရေးရှင်းစုဖွဲ့မှုနဲ့ အာဏာခွဲတမ်းချ တည်ဆောက် ကြမယ့် ပုံစံဖြစ်လာနိုင်ကြောင်း ပြနေပါတယ်။ 

ကိုယ်ပိုင်စုဖွဲ့မှုကွန်ယက်တွေ 

လက်ရှိ ဖက်ဒရယ်လစ်အုပ်စုတွေရဲ့ စုဖွဲ့မှု ပုံစံကို ကြည့်ရင် — အမျိုးသားနိုင်ငံရဲ့ အင်္ဂါရပ်မျိုးတွေ၊ အမျိုးသား နိုင်ငံတစ်ခုရဲ့ အသွင်အပြင်တွေကို စုရုံးပေါင်းဖွဲ့တည်ဆောက်ထားလာကြတာကိုတွေ့ရပါတယ်။ 

  • လူမျိုးအခြေပြု နယ်နိမိတ် သတ်မှတ်မှု 
  • လူမျိုးတစ်မျိုး – ကိုယ်ပိုင်တပ်မတော်တစ်ခု 
  • ကိုယ်ပိုင်အစိုးရတစ်ရပ် 
  • ကိုယ်ပိုင်နိုင်ငံရေးပါတီ 
  • ကိုယ်ပိုင်စီးပွားရေးအင်ပါယာ
  • အာဘော်သတင်းမီဒီယာ 
  • ဒေသန္တရ အရပ်ဘက်အဖွဲ့အစည်း 
  • ကိုယ်ပိုင်ဘာသာရေးအစုအဖွဲ့ 
  • ကိုယ်ပိုင်စာပေယဉ်ကျေးမှု
  • ကိုယ်ပိုင်သီးခြားအမှတ်အသားသရုပ် 

အမျိုးသားရေးဝါဒ နဲ့ ဒီမိုကရေစီ 

ဖက်ဒရယ်လစ်ယူနစ်တွေကို တည်ဆောက်ဖို့ ဆွေးနွေးငြင်းခုန်တဲ့ စဉ်းစားချက်တွေမှာ၊ အမျိုးသားရေးနဲ့ သွေးဗဟိုပြု၊ အမျိုးဗီဇဟိုပြု အသွင်သဏ္ဍာန်တွေ တည်ဆောက်ကြဖို့ ခပ်များများ တိုက်တွန်း နှိုးဆော်ကြတာ တွေ့ရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီလို့ ခပ်ကျယ်ကျယ် ဆွေးနွေးငြင်းခုန်ကြပေမယ့် — ဒီမိုကရေစီနဲ့ အမျိုး သားရေးယှဉ်လာရင် အမျိုးသားရေးနဲ့ အမျိုးဗီဇဘက် ပိုယိမ်း၊ ပိုတိမ်းညွှတ်ကြတာကိုတွေ့ရပါတယ်။ အမျိုးဝါဒ ဟာ ဒီမိုကရေစီဝါဒနဲ့ လုံးဝ ဆန့်ကျင်ဘက် ဟုတ်တယ်လို့ ပြောလို့ မရပေမယ့်၊ ထပ်တူကျစွာ အံဝင်ခွင်ကျဖြစ်မှု မှာကတော့ ပြဿနာရှိပါတယ်။ အမျိုးသားရေးဝါဒနဲ့ ဒီမိုကရေစီမှာ အပြန်အလှန် တွန်းကန်တဲ့သဘောအနက် တွေ ရှိပါတယ်။ 

အမျိုးစိတ် လွန်ကဲမှု

တန်းတူညီမျှမှု ကင်းမဲ့ပြီး လူမျိုးအုပ်စုကြီးဝါဒ လွှမ်းမိုးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဆိုင်ရာ လူမျိုးစုတွေမှာ အငုံ့စိတ် နဲ့ မခံချင်စိတ်၊ သိမ်ငယ်စိတ်ဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ငုပ်လျှိုးခဲ့ပါတယ်။ ဒါ့ကြောင့် ကိုယ့်အမှတ်သရုပ်အပေါ်မှာ လိုသည်ထက်ပို၍ တိမ်းညွှတ်စွဲလမ်းစိတ်တွေဟာ — အမှတ်အသားသရုပ်နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အလွန် ထင်ရှားပါတယ်။ အမျိုးအမှတ်သရုပ်ကို အလွန်အကျွံ စွဲလန်း တိမ်းညွှတ်မှုရှိတာဟာ – အပြစ်မဟုတ်ပေမယ့် ဆင်ခြင်တုံတရားနဲ့ အကန့်အသတ်မထားရင် ၊ ဒီမိုကရေစီကို ခြိမ်းခြောက်လာပါတယ်။ ဒီမိုကရေစီကိုယ်၌ကလည်း အားနည်းချက်ရှိပင် ရှိငြားသော်လည်း၊ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးထားရာမှာတော့ အားကောင်းလှတယ်။ ဖက်ဒရယ်လစ်ဝါဒီတွေအနေနဲ့ ဒီမိုကရေစီအခွင့်အရေး တွေကို ဘယ်လောက်အထိ လေးစားလိုက်နာကြသလဲဆိုတာ အရေးကြီးပါတယ်။ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ဆိုတာ ပေးရတာလည်း မဟုတ်၊ ယူရတာလည်း မဟုတ်။ ကျင့်သုံးနေရတာလို့ နားလည်ပါတယ်။ 

ဒီမိုကရေစီ အခွင့်အရေးတွေ ပြတ်ကျန်ခဲ့နိုင်ချေ

လူမျိုးစုအမှတ်သရုပ်ကို စွဲကိုင်ပြီး စစ်ရေးခေါင်းဆောင်ဖြစ်လာသူတွေဟာ — အာဏာခွဲဝေရေးကို ဇောင်းပေး တဲ့ ဖက်ဒရယ်လစ်တွေ ဖြစ်လာတာ မခဲယဉ်းပေမယ့်၊ လူထုလွတ်လပ်ခွင့်နဲ့ လူထုရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ် ပြန့်ပြန့် အာမခံချက်ရှိရှိ ထည့်သွင်းစဉ်းစားတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်တွေ ဖြစ်လာဖို့တော့ အလားအလာ နည်းနိုင်ပါတယ်။ ဒီအကန့်အသတ်နဲ့ ဒီသဘောသဘာဝကို ကောင်းကောင်းနားလည်သဘောပေါက်ထားကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားနိုင်ငံအိပ်မက်တွေ ထူထောင်ကြရင်း ဒီမိုကရက်တစ် အခွင့်အရေးတွေလည်း ပြည်သူတွေ ကောင်းမွန်စွာ ရနိုင်ကြဖို့ လိုအပ်ပါတယ်။ 

အမျိုးသားနိုင်ငံတွေဖြစ်သွားလို့ နယ်နိမိတ်စည်းခြားသွားသော်လည်း၊ ကိုယ့်လူမျိုးက ကိုယ့်လူမျိုးအပေါ်မှာ အာဏာရှင်လုပ် ဗိုလ်ကျစိုးမိုးခြယ်လှယ်ပြီး လူမျိုးစုပြည်သူတွေကို နိုင့်ထက်စီးနင်းလုပ်နိုင်တာတွေ ရှိလို့၊ ဒီလို အမှုကိစ္စတွေကို ကြိုတင်တွက်ဆထားကြဖို့ လိုကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ခင်ဗျား….။

မင်းသေ့ 

နံနက် ၂း၅၉ 

၅၊ စက်တင်ဘာ၊ ၂၀၂၂။