စစ်တပ်က ယဉ်ကျေးမှုနယ်မြေမြောက်ဦးမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ဖို့ကြံစည်နေတယ်လို့ AA ပြောဆို

Photo – SOPA IMAGES

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဝန်းကျင်မှာ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေထပ်ကျူးလွန်ပြင်ဆင်နေပြီး မြောက်ဦးဈေးကို မီးရှို့ဖို့ ကြံစည်နေတဲ့ အနေအထားတွေကိုလည်း တွေ့နေရတယ်လို့ ULA/AA က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ညအချိန် စစ်ကားတွေနဲ့ လှည့်လည်သွားလာနေပြီး မြောက်ဦး ဈေးတစ်ခုလုံးကို မိုင်းရှင်းလင်းရေး အကြောင်းပြချက်နဲ့ ဈေးတစ်ခုလုံးကို ပိတ်ခိုင်းကာ ပြည်သူတွေကို အလန့်တကြား စိုးရိမ်မှုဖြစ်အောင် ဆောင်ရွက်နေတယ်လို့ AA က ဆိုပါတယ်။

မြောက်ဦးမြို့ အပါအဝင် မြောက်ဦးဈေးကို မှီခိုပြီးရောင်းဝယ်ဖောက်ကားနေကြတဲ့ ပြည်သူလူထုကို စားဝတ် နေရေး အခက်အခဲ၊ အကျပ်အတည်း၊ အငတ်ဘေးဆိုက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဈေးကိုမီးရှို့မယ့် မရိုးသားတဲ့ အကြံအစည်မျိုး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာစစ်တပ်ဟာ တိုက်ပွဲအတုတွေကို ဖန်တီးပြီး မြို့အတွင်းလူနေအိမ်တွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်ရှိရာ နေရာ တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ အကြိမ်ကြိမ်ရှိနေတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ တာဝန်သိပြည်သူတွေအနေနဲ့ ၎င်းတို့ရဲ့လုပ်ရပ်တွေကိုစောင့်ကြည့် မှတ်တမ်းတင်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်အပြီး ဩဂုတ်လနှောင်းပိုင်းနဲ့ အခုလဆန်းပိုင်းတွေမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ မြောက်ဦးမြို့ ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတာပါ။အဲဒီလို တိုက်ပွဲတွေဖြစ်နေတာကြောင့် မြို့အနီးကျေးရွာတချို့မှာ ဒေသခံတွေ သေဆုံးထိခိုက်မှုရှိတဲ့အပြင် ဒေသခံအမြောက်အမြား စစ်ဘေးရှောင်နေကြရပါတယ်။

အဲ့ဒီလို ပဋိပက္ခ မြင့်တက်နေတဲ့ အတောအတွင်း စက်တင်ဘာ (၅) ရက် မနေ့ကပဲ စစ်ကောင်စီတပ်တွေက မြောက်ဦးမြို့မဈေးအတွင်း မိုင်းရှင်းလင်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဈေးအတွင်းက ဈေးဆိုင်တွေကို ဖယ် ရှားစေခဲ့ပါတယ်။

ရခိုင့်တပ်တော် AA ကတော့ စစ်ကောင်စီတပ်တွေဟာ မြောက်ဦးမြို့ပတ်ဝန်းကျင်က ရှေးဟောင်းအမွေအနှစ် နန်း ရာကုန်းအပါအဝင် လူနေရပ်ကွက်တွေကို တိုက်ပွဲဖြစ်တာ မရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတယ်လို့ဆိုပါတယ်။
ရခိုင့်တပ်တော် AA က အခုလို ထုတ်ပြန်တာနဲ့ ပတ်သက်လို့ DNA အနေနဲ့ အခြေအနေအရ စစ်ကောင်စီဘက်ကို မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေအတွင်း ရခိုင်စစ်ပွဲကာလမှာ လည်း မြောက်ဦးမှာ AA နဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ဖူးပါတယ်။

အဲ့ဒီကာလမှာလည်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေအတွင်း တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်လို့ နှစ်ဖက်အပြန်အလှန် အပြစ်တင်ကြတာတွေရှိခဲ့ပြီး တိုက်ပွဲတွေကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို မထိ ခိုက်စေဖို့ ပညာရှင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကတောင်းဆိုခဲ့ကြရပါတယ်။