ကလေးမြို့မှာ လက်နက်ကိုင်တွေက အမျိုးသားတစ်ဦးကို သေနတ်ထောက်ပြီး ဖမ်းခေါ်သွား

Photo – CJ

ကလေးမြို့၊ တာဟန်းနဲ့ မွန်းလိုင်းရပ်ကွက်ကြားမှာမျက်နှာဖုံးစွပ်ထားတဲ့ လက်နက်ကိုင်သုံးဦးက အမျိုးသား တစ်ဦးကို သေနတ်ထောက်ပြီး စက်တင်ဘာ တစ်ရက် ညနေပိုင်းက ဖမ်းဆီးခေါ် ဆောင် သွားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

“သေနတ် အတိုတွေနဲ့ ထောက်ပြီး ကားနဲ့ခေါ်သွားတယ်လို့ အနီးအနားကလူတွေပြောကြတယ် ၊ဘယ်သူ့ကို ဘယ် သူကခေါ်သွားတယ်ဆိုတာတော့မသိဘူး၊ဒီဘက်မှာ ခုတိုက်ပွဲမဖြစ်တာနည်းနည်း ကြာသွားပြီလေ၊ ပုဂ္ဂိုလ်ရေးကိစ္စ လားတော့မသိဘူး” လို့ တာဟန်းရပ်ကွက်မှာနေထိုင်သူတစ်ဦး ကပြောပါတယ်။

လက်နက်ကိုင်လူသုံးဦးဟာ ဆိုင်ကယ်စီးလာတဲ့အမျိုးသားကို လမ်းမှာအဆင်သင့် ကြိုတင်စောင့် နေခဲ့တာ တွေ့ရ ပြီး ဆိုင် ကယ်ကိုရှေ့ကတားပြီး စကားပြောဆိုကြရာမှာ ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အဲ့ဒီနောက် လက်နက်ကိုင်ထားသူတွေကဖုန်းခေါ်ခဲပြီး မကြာခင်မှာပဲ အခင်းဖြစ်ပွားတဲ့ နေရာကို ကားအဖြူ တစ်စီးရောက်လာကာ ဆိုင်ကယ်စီးလာတဲ့ အမျိုုးသားကို တင်ဆောင်ပြီး ဗိုလ်ချုပ် လမ်းဘက် အမြန်မောင်းသွား တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူဟာ ဘယ်သူဖြစ်တယ်၊ဖမ်းဆီးသွားသူတွေက ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆို တာတွေ တော့ မသိရသေးပါဘူး။ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံကာကွယ်ရေး တပ်တွေကလည်း လတ်တလော သတင်းထုတ်ပြန် ထားတာမရှိသေးပါဘူး။

အိမ်စီးကားအဖြူမောင်းလာသူဟာ မွန်းလိုင်ရပ်ကွက်က ZRA အဖွဲ့တစ်ဦးဝင်ဖြစ်တယ်လို့ ဒေသခံမီဒီယာ တစ်ခုက ဖော်ပြထားပေမယ့် DNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

ကလေးမြို့အနောက်ပိုင်း တာဟန်း၊မွန်းလိုင် ရပ်ကွက်တွေဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားတတ်တဲ့နေရာတွေဖြစ်ပြီး ကင်းလှည့်ချိန်ကလွဲလို့ စစ်ကောင်စီတပ်တွေ နယ်မြေစိုးမိုးမူအားနည်း တဲ့နေရာဖြစ်ပါတယ်။