မင်းလှ PDF စခန်းကို စစ်တပ်က စီးနင်းဖို့ ကြိုးစား၊ နင်းမိုင်းတွေကြောင့် ဆယ်ဦးသေ

မင်းလှမြို့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတခုကို စစ်တပ်က စီးနင်းတိုက်ခိုက်ရာမှာ ကာကွယ်ရေးတပ်တွေရဲ့ နင်းမိုင်းတွေကြောင့် စစ်ကောင်စီတပ်ဘက်က ဆယ်ဦးသေပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့သိရပါတယ်။
မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်းတခုကို စီးနင်းတိုက်ခိုက်ဖို့အတွက် ဩဂုတ် (၃၀) ရက်မှာ စစ်ကောင်စီတပ်က အင်အားသုံးရာလောက်နဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ Upper Minhla P.D.F ကထုတ်ပြန်ပါတယ်။
အဲ့ဒီလို ထိုးစစ်ဆင်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အလစ်အငိုက်မိတဲ့ သဘောဖြစ်တဲ့အတွက် အခြေစိုက်စခန်းနဲ့ စခန်းကိုလာတဲ့ လမ်းကြောင်းတွေမှာ နင်းမိုင်း၊ တိုက်မိုင်းတွေနဲ့ စွန့်လွှတ်မိုင်းတွေထောင်ခဲ့ပြီး စခန်းကိုစွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အဲ့ဒီမိုင်းကွင်းနဲ့ စခန်းပတ်ချာလည်က မိုင်းတွေနင်းမိလို့ ဆယ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တာကြောင့် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး ပြန်ဆုတ်ခွာသွားတယ်လို့ Upper Minhla P.D.F ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ ခွာစစ်ကို အသုံးပြုခဲ့တာကြောင့် အထိအခိုက်၊ အကျအဆုံး မရှိဘဲ စခန်းကနေ ယာယီဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆိုင်ကယ် သုံးစီး၊ ဓာတ်ဆီ ငါးပုံး၊ လက်လုပ်မိုင်း သုံးလုံး၊ မီးစက်၊ ကြိုးခွေစတဲ့ ပစ္စည်းတချို့တော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။