ဒေးဒရဲမှာ ဒီချုပ်အမတ်ရဲ့သားအပါအဝင် လူငယ် ခုနှစ်ဦး အဖမ်းခံရ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့အဝင် တံတားစစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၂၆ ရက်က ဗုံး နှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က NLD အမတ်ရဲ့ သားအပါအဝင် မြို့ခံလူငယ် ၇ ဦးကို ဧည့်စာရင်းအကြောင်းပြပြီးဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ်။
“ဧည့်စာရင်းစစ်မလို့ ဆိုလို့ တံခါးဖွင့်ပေး လိုက်တော့ အဖေဖြစ်တဲ့ NLD အမတ် ဦးသန်းလွင် ဘယ်မှာလည်းမေးပြီး သားဖြစ်တဲ့သူကိုဖမ်းခေါ်သွားတာ။ ခုထိအဆက်အသွယ် မရသေးဘူး၊ ဦးသန်းလွင်ကိုလည်း အကြမ်းဖက်စစ်ကောင်စီကလာဖမ်းလို့ ရှောင်နေတာ တစ်နှစ်ကျော်နေပြီ” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ဇူလိုင် ၂၆ ရက် ည ၈ နာရီဝန်းကျင်က ဒေးဒရဲမြို့အဝင်ဂိတ် ၂ ခုရှိတဲ့အနက် ရန်ကုန်တိုင်းဘက်ကိုကူးတဲ့ ဒေးဒရဲမြစ်ကူးတံတား စစ်ဆေးရေးဂိတ်အနီးမှာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက အသံထွက်ပေါ်ရာဘက်ကို သေနတ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပေါက်ကွဲမှုနဲ့ပစ်ခတ်သံကြောင့် ကြောက်လန့်ထွက်ပြေးတဲ့ တံတားအနီးက ပလာတာရောင်းတဲ့စျေးသည်အမျိုးသမီးတစ်ဦး ချော်လဲပြီး ပွန်းပဲဒဏ်ရာရရှိခဲ့ပေမယ့် ပေါက်ပွဲမှုကြောင့် တစ်စုံတရာထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
အဲ့ဒီနောက် အကြမ်းဖက်စစ်တပ်ဟာ ဒေးဒရဲမြို့၊ ကမ်းနားလမ်းမှာရှိတဲ့ လူနေအိမ်တွေကိုဧည့်စာရင်းစစ်ရာမှာ NLD ပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသန်းလွင်ရဲ့သားအပါအဝင် မြို့ခံ လူငယ် ၇ ဦးကို ဖမ်းဆီးခဲ့တာပါ။
ထွက်ပြေးတိမ်းရှောင်နေတဲ့ NLD ပါတီက ဦးသန်းလွင်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဒေးဒရဲမဲဆန္ဒနယ်ကနေ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။