စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကလေးမြို့နယ် ကင်မွန်းချုံရွာက အိမ်မီးလောင်ပြင်တွေကို ဒီနေ့ ဇူလိူင်လ ၂၅ ရက်နေ့ မနက်က ဝိုင်းဝန်းရှင်းလင်းရာမှာ မီးလောင်ထားတဲ့ လူအရိုးတစ်ချို့တွေ့ရှိရတယ်လို့ ရွာခံတွေဆီကသိရပါတယ်။
“မသင်းသင်းရဲ့အိမ်မီးလောင်ပြင်မှာတွေ့တာ။ မီးကတော်တော်အားကောင်းတော့ အံရိုးတွေနဲ့ အရိုးအစအနလေးတွေပဲတွေ့ရတယ်” လို့ရွာခံတစ်ဦးကပြောပါတယ်။
အဲဒီလူအရိုးတွေဟာ ဘယ်သူဘယ်ဝါရဲ့ အရိုးတွေဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကလေးမြို့နယ် ၊ မြစ်သာမြစ်အရှေ့ဘက်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိူင်လ ၂၁ ရက်နေ့ ညနေပိုင်းနဲ့ ၂၂ ရက်နေ့မနက်ပိုင်းတွေမှာ ကင်မွန်းချုံရွာက အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇လုံး လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကလေးမြို့ဘက်ကို ပြန်ကူးသွားတာကြောင့် ကင်မွန်းချုံ၊ အူဒူ၊ ဥယျာဥ်ကျေးရွာက ရွာသူရွာသားအချို့ဟာ ရွာတွေကို ပြန်လည်ဝင်ရောက်လာကြပြီး အချို့ကတော့ စစ်ရှောင်နေကြစဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
Photo – CJ