CNG ပြတ်လပ်လို့ ဂက်စ်သုံးယာဥ်တွေ အခက်အခဲတွေဖြစ်နေ

ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့ CNG ဂက်စ်တွေ ပြတ်လပ်မှုကြောင့် CNG သုံးယာဥ်မောင်းတွေအနေနဲ့အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
“ဂက်စ်က ပြတ်လပ်နေတာ မနေ့ ညနေပိုင်းလောက်ကတည်းကပဲ။ ရတဲ့ဆိုင်တွေကျတော့လည်း လေပေါင်က မပြည့်တော့ ဆိုင်တွေမှာ ဂက်စ်ဖြည့်မယ့်ကားတွေက တန်းစီနေတာပဲ။ အခုစောင့်နေတာတောင် ၁ နာရီကျော်ပြီ မရသေးဘူး”လို့ အငှားယာဥ်မာင်းတစ်ဦးက ပြောပါတယ်။
CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တချို့မှာ ဂက်စ်ပေါင်မပြည့်တာ၊ မီးပျက်တဲ့အခြေအနေကြောင့် ဂက်စ်ဖြည့်မရတာတွေဖြစ်နေတဲ့အတွက် ယာဥ်မောင်းတွေဟာ ဂက်စ်တစ်အိုးရရှိဖို့ကို အနည်းဆုံး ၁ နာရီကနေ ၂ နာရီလောက်အထိစောင့်ဆိုင်းရတာကြောင့် အခက်အခဲတွေ ဖြစ်နေတာပါ။
အရင်က ၇၀ ဂက်စ်အိုးတစ်အိုးကို ကီလို ၈၀ ခန့်အထိမောင်းနှင်နိုင်ပေမယ့် အခုလို ဂက်စ်ပေါင်မပြည့်တာကြောင့် ၇၀ ဂက်စ်အိုးတစ်အိုးကို ကီလို ၆၀ လောက်အထိသာ မောင်းလို့ရနေတယ်လို့ ဆိုပါတယ်။
“အရင်က ၇၀ အိုးတစ်လုံးဆိုရင် ကီလိုက ၈၀ လောက်အထိရတယ်။ အခုက ၅၀၊ ၆၀ လောက်ပဲရတော့ အဆင်မပြေဘူး။ဒီကြားထဲအခုလို တနာရီ၊ နှစ်နာရီလောက်စောင့်ရတော့ ကိုယ်အတွက်ရှာဖို့မပြောနဲ့ အုံနာကြေးတောင် မရဘူးဖြစ်နေတယ်” လို့ အငှားယာဥ်မောင်း တစ်ဦးက ပြောပါတယ်။
အရင်က တစ်ရက်ယာဥ်ငှားခ (အုံနာကြေး) ဟာ တစ်သောင်းကနေ သောင်းနှစ်ထောင်အထိ ရှိသာရှိခဲ့ပေမယ့် လက်ရှိမှာ တစ်ရက် တစ်သောင်းခွဲကနေ သောင်းရှစ်ထောင်အထိပေးပြီး မောင်းနှင်နေရတယ်လို့လည်း အငှားယာဥ်မောင်းတွေကဆိုပါတယ်။
ဓာတ်ဆီကားတွေကတော့ အရင်က တရက်အုံနာကြေး ငါးထောင်ကနေ အခုဆိုရင် ကိုးထောင်အထိမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။