ထိုင်းမှာ ပထမဆုံး မျောက်ကျောက်ရောဂါဖြစ်ပွားသူ နိုင်ဂျီးရီးယားနိုင်ငံသားတဦး ပျောက်ဆုံးနေ

Photo – thethaiger

ထိုင်းနိုင်ငံ ဖူးခက်မှာ မျောက်ကျောက်ရောဂါစစ်ဆေးတွေ့ရှိသူ အသက် ၂၇ နှစ်အရွယ် နိုင်ဂျီးရီယားနိုင်ငံသား အမျိုးသားတစ်ဦးဟာ ဇူလိုင် ၂၀ ရက်ကတည်းက ပျောက်ဆုံးနေတယ်လို့ ဖူးခက်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

သူဟာ ပုဂ္ဂလိကဆေးရုံတစ်ခုကနေ ထွက်ပြေးသွားတာလို့ ထိုင်းမီဒီယာအများစုမှာ ဖော်ပြနေကြပေမယ့် အဲဒီအမျိုးသားဟာ  Patong Princess ဟိုတယ်မှာ သီးခြားနေထိုင်နေတာဖြစ်ပြီး အဆိုပါဟိုတယ်ကနေ ပျောက်သွားခဲ့တာပါ။ 

အဲဒီအမျိုးသားဟာ ဇူလိုင်လ ၁၉ရက် ည ၉ နာရီခွဲလောက်မှာ ဟိုတယ်သော့တွေကို အခန်းရှေ့ စားပွဲပေါ်မှာ တင်ပြီး အဖြူရောင်ကားနဲ့ မောင်းထွက်သွားတာကို စီစီတီဗီမှတ်တမ်းအရ သိခဲ့ရပြီး အခုလက်ရှိ ဘယ်ရောက်နေလဲဆိုတာကိုတော့ မသိရသေးပါဘူး။

အဲဒီအမျိုးသားဟာ ဇူလိုင်လ ၉ ရက်နေ့မှာ မျောက်ကျောက်ရောဂါလက္ခဏာ စတင်ခံစားခဲ့ရပြီး သူ့ကို ဖူးခက်မြို့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဇူလိုင်လ ၁၆ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် Kathu မြို့ DCondoက သူ့ရဲ့တိုက်ခန်းမှာ သီးခြားနေထိုင်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။

နှစ်ရက်အကြာ ဇူလိုင်လ ၁၈ ရက်နေ့မှာတော့ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။  ဆေးရုံတက်ဖို့ သွားခေါ်ခဲ့ပေမယ့် သူဟာ အဲဒီ ကွန်ဒိုမှာ ရှိမနေတော့ပါဘူး။ စုံစမ်းမှုအရ အဲဒီအမျိုးသားဟာ Patong နယ်မြေမှာရှိတဲ့ Patong Princess ဟိုတယ်မှာ ၂ ညတာ တည်းခိုစာရင်းသွင်းထားတယ်လို့ တွေ့ရှိရပါတယ်။

အဲဒီနောက် ဇူလိုင်လ ၁၉ ရက်နေ့က ညနေပိုင်းမှာ ဆေးကုသမှုခံယူဖို့ လာရောက်မယ်လို့ ဆေးရုံကို အကြောင်းကြားခဲ့ပေမယ့် သူဟာ ဆေးရုံကို ရောက်မလာခဲ့ပါဘူး။  

ရဲတပ်ဖွဲ့က အဲဒီအမျိုးသား ရောဂါလက္ခဏာမပြသခင် သွားရောက်ခဲ့တဲ့ ဖျော်ဖြေရေးနေရာနှစ်ခုက လူ ၁၄၂ ဦး ကို တွေ့ဆုံမေးမြန်းခဲ့ပြီး လူ ၅ ဦးက အဖျားကြီးတာ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာ စတဲ့ လက္ခဏာတွေ တွေ့ရှိရတာကြောင့်  မျောက်ကျောက်ရောဂါ ရှိမရှိ စစ်ဆေးခဲ့ပါတယ်။

သူရဲ့ကွန်ဒိုက နောက်ထပ်လူ ၂ ဦးကိုလည်း စစ်ဆေးခဲ့ပြီး ၇ ဦးလုံး ရောဂါမရှိတဲ့ဆေးစစ်ချက် ရခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ မျောက်ကျောက်ရောဂါဖြစ်ပွားမှုစတင်ချိန်ကစပြီး ကမ္ဘာတစ်ဝှမ်းမှာ စုစုပေါင်းရောဂါဖြစ်ပွားမှု ၁၅,၃၇၈ ဦး ရှိတယ်လို့ သိရပါတယ်။