ဘရာဇီးနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတခုအတွင်း လူပေါင်း ၁၈ဦးထက်မနည်း သေဆုံး

Photo -AP

ဘရာဇီးနိုင်ငံ ရီရိုဒီဂျနေးရိုးမြို့ရဲ့ အကြီးဆုံး ဆင်းရဲသားရပ်ကွက်တခုထဲက ဂိုဏ်းအဖွဲ့တွေကို ပစ်မှတ်ထားပြီး ဇူလိုင်လ၂၀ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ မြို့တော်အတွင်း အသေအပျောက်အများဆုံး စစ်ဆင်ရေးတခုဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုနှိမ်နင်းမှုအပေါ် ဝေဖန်မှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဟာ Complexo do Alemao ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲအရာရှိတစ်ဦး အမျိုးသမီးတစ်ဦးနဲ့ သံသယရှိတဲ့ ရာဇဝတ်သား ၁၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကားခိုးပြီး ဘဏ်တွေကို လုယက်တဲ့ ရာဇ၀တ်ဂိုဏ်းကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အနီးနား ရပ်ကွက်တွေကို ကျူးကျော်ဝင်ရောက်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ လူနေထူထပ်တဲ့ ရပ်ကွက်တွေထဲက ပစ်မှတ်တွေကို  လေယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တဲ့  ဗီဒီယိုဖိုင်တွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

စီးနင်းမှုဖြစ်ပွားရာနေရာမှာ ဒေသခံတွေက “ငါတို့ ငြိမ်းချမ်းရေးလိုချင်တယ်” လို့ ဝိုင်းအော်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ကူညီဖို့ ကြိုးပမ်းတဲ့သူတွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။