ကျောက်လှေကားရွာတိုက်ပွဲ နှစ်ဖက်အကျအဆုံးများ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ၊ ကျောက်လှေကားရွာတိုက်ပွဲမှာ PDF ဘက်က ၅ ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၉ ဦးသေ၊ ၃ ဦးဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့ မနက်အစောပိုင်း ၅ နာရီကနေ ၇ နာရီကျော်ထိ ကျောက်လှေကားကျေးရွာအနီး လုံခြုံရေးယူထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကို အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး တက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိတွေဆီက သိရပါတယ်။
“ကျောက်လှေကားရွာမှာ စခန်းသိမ်းတိုက်ပွဲပုံစံမျိုးဖြစ်ခဲ့တာ။ စကစ ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တယ်။ ဒီဘက်ကလဲ ပြန်ပစ်တာ။ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်”လို့ PDF အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDF)က ဒုတပ်ခွဲမှူး ကိုကောင်ကြီး၊ တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ကိုနောင်ကြီး၊ ကိုကျားလေး၊ ကိုအောင်လေး၊ ကိုဖိုးထောင်တို့ ၅ ဦး ကျဆုံးသွားတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ DDF အဖွဲ့၊ ဒေါင်းမင်းစစ်ဆင်ရေး၊ တောင်ပိုင်းကာကွယ်ရေး၊ ထားဝယ်နဂါးအဖွဲ့တို့က စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။