ဒေတာသိမ်းဆည်းမှုဥပဒေချိုးဖောက်မှုအတွက် Apple ကို ရုရှားက ဒဏ်ရိုက်

Photo – AP

ရုရှားနိုင်ငံပိုင်ဆာဗာ‌တွေမှာ ရုရှားအသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိမ်းဆည်းဖို့  ငြင်းဆိုခဲ့တဲ့အတွက် မော်စကိုတရားရုံးက Apple ကို ဇူလိုင်လ ၁၂ရက်နေ့မှာ ရူဘယ် ၂ သန်းခန့် ဒဏ်ရိုက်လိုက်ပါတယ်။

ခုလို ဒဏ်ရိုက်တာဟာ အွန်လိုင်းလှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ရုရှားအစိုးရရဲ့  ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်စီးဆင်းမှုကို အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေအပေါ်မှာ ပိုမိုထိန်းချုပ်နိုင်စေဖို့  ကြိုးပမ်းနေခဲ့တာပါ။ မတ်လအတွင်းမှာ ရုရှားတရားရုံးတစ်ရုံးက Facebook နဲ့ Instagram ကို အစွန်းရောက်လှုပ်ရှားမှုတွေလို့ ဆိုပြီး ပိတ်ပင်ခဲ့ပါတယ်။

ရုရှားရဲ့ဆက်သွယ်ရေးထိန်းချုပ်မှုအေဂျင်စီ Roskomnadzor ဟာ ရုရှားအသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရုရှားရှိဆာဗာတွေဆီ ပြောင်းရွှေ့ပေးဖို့ နည်းပညာကုမ္ပဏီတွေကို နှစ်ပေါင်းများစွာ အတင်းအကျပ် ဖိအားပေးနေခဲ့ပါတယ်။

Google ၊ Facebook နဲ့ Twitter တို့ကိုလည်း ၂၀၁၅ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဒဏ်ငွေပေးဆောင်ဖို့  အမိန့်ချမှတ်ခဲ့ပါတယ်။

ရုရှားရှိ ဒေတာစုဆောင်းမှုကို Apple Inc. မှ ကိုင်တွယ်တာမဟုတ်ဘဲ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Apple Distribution က ဆောင်ရွက်တာဖြစ်တယ်လို့ Apple ကိုယ်စားလှယ်တစ်ဦးက တရားရုံးမှာ ပြောကြားခဲ့ပေမယ့် Roskomnadzor ကိုယ်စားလှယ်ကတော့ Apple မှာသာ တာဝန်ရှိတယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

Airbnb၊ Pinterest နဲ့Twitch တို့လည်း အဲဒီဥပဒေနဲ့ပဲ ရူဘယ် ၂ သန်းနဲ့  ပြီးခဲ့သည့်လက ဒဏ်ရိုက်ခဲ့ရတယ်လို့ သိရပါတယ်။