ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ညပိုင်းအချိန် ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ ဇူလိုင် ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေဟာ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ နဲ့ အရှေ့ဒဂုံ စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ Ocean Center အရှေ့က ရဲကင်းရုံနားမှာတော့ ဇူလိုင် ၁၁ ရက် ည ၁၀ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က မိသားစုနဲ့ကျောက်တော်ကြီးဘုရားအရှေ့က မုန့်စျေးတန်းမှာ အကင်သွားစားကြတာ။ စားနေတုန်းမှာပဲ ဗုံးပေါက်တာ။ အသံကလည်းအကျယ်ကြီးပဲ။ မြေကြီးတောင်တုန်တယ်။ လူထိခိုက်တာမျိုးတော့မကြားရဘူးဗျ။”လို့ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ အနီးဝန်းကျင်မှာရှိခဲ့သူတစ်ဦးက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာတော့ ည ၈နာရီကျော်ကျော်လောက်က ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့ကာ အင်းစိန်မြို့နယ်၊မြောက်ဒဂုံနဲ့ အရှေ့ဒဂုံမြို့နယ်တွေမှာလည်း ည ၈လောက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှာတော့ ည ၈နာရီခွဲလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“၈နာရီခွဲလောက်ရှိတယ်၊” ပေါက်တာကတော့ အသံတော်တော်ကျယ်တယ်။အိမ်တွေတောင် တုန်တယ်။ထိခိုက်ဒဏ်ရာရတယ်လို့တော့မကြားမိဘူး။စစ်တပ်ကတော့ ပေါက်တဲ့နေရာကို လာကြည့်သွားတယ်။”လို့ တောင်ဥက္ကလာပမြို့နယ် ၊ ၈ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးကပြောပါတယ်။
တောင်ဒဂုံမြို့နယ်မှာတော့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရွှေပြည်သာ မြို့နယ်မှာတော့ EPCရုံးကို ဒေသUGအဖွဲ့က ဖောက်ခွဲဖို့လုပ်ဆောင်ရာမှာ ရာသီဥတုနဲ့ Software Connetionချို့ယွင်းချက်ကြောင့်ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
ပေါက်ကွဲမှုမရှိခဲ့ပေမယ့် ပြည်သူတွေအနေနဲ့EPCရုံးနဲ့ မီတာ ၁၀၀ ပတ်လည်အတွင်း သွာလာနေထိုင်တာတွေ မလုပ်ဖို့ကို SPTUGအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။