ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းရဲ့ ရက်​ပေါင်း ၅၂၀ မြောက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကလေးမြို့နယ်ပင်မသပိတ်စစ်ကြောင်း​ဟာ စစ်အာဏာရှင်ဆန့်ကျင်​ရေး ရက်ပေါင်း ၅၂၀ မြောက်အနေနဲ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ပါတယ်။
သပိတ်မှောက်ဆန္ဒပြမှုကို မြို့တွင်းတစ်နေရာမှာ ဒီကနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
“၅၂၀ ရက်မြောက် ပင်မသပိတ်စစ်ကြောင်းကို မြို့တွင်းတစ်နေရာမှာ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တာပါ။သပိတ်စစ်ကြောင်းဆန္ဒထုတ်ဖော်တဲ့ ရပ်ကွက်နေရာကိုသိရင် စစ်ကောင်စီက ရပ်ကွက်သူရပ်ကွက်သားတွေကို ဒုက္ခပေးမှာစိုးတာကြောင့် လုံခြုံရေးအရ မပြောနိုင်တာပါ။”လို့ သူက ပြောပါတယ်။
အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ” အနာဂါတ်မှာ ပြည်သူပါ အာဏာရူးနဲ့ စစ်ကျွန်မပါ”စတဲ့ စာတန်းကို ကိုင်စွဲကာ သပိတ်မှောက်ဆန္ဒထုတ် ဖော်ခဲ့ပြီး အခုလို ၅၂၀ရက်မြောက် ဆန္ဒထုတ်ဖော်တာဟာ ကလေးမြို့တောင်ပိုင်းမှာတိုက်ပွဲဝင်နေတဲ့ ဒေသခံ PDFတွေနဲ့ တသားတည်း တိုက်ပွဲဝင်နေတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီက​နေ့ ဇူလိုင် ၁၂ ရက်နေ့မှာ ကလေးမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ရှောင်တခင်စစ်ဆေးတာတွေအပြင်အိမ်စီးကားတွေနဲ့ မြို့ထဲကိုကင်းလှည့်နေတဲ့ကြားက ကလေးမြို့ပင်မသပိတ်စစ် ကြောင်းဟာ ရက် ၅၂၀ မြောက် စစ်အာဏာရှင်ကို ဆန့်ကျင့်ရေးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။