ဇူလိုင်လ ပထမအပတ်အတွင်း လွိုင်ကော်နဲ့ ဖယ်ခုံတိုက်ပွဲမှာ စစ်အုပ်စုဝင် ၅၀နီးပါး သေဆုံးပြီး PDFဘက်က ၁၁ဦး ကျဆုံး

ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ ဇူလိုင်ပထမအပတ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က ၄၉ဦးသေဆုံးခဲ့ပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဘက်ကတော့ ၁၁ဦးကျဆုံးခဲ့တယ်လို့ KNDF သတင်နဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ခြေကုပ်ယူထားတဲ့ စခန်းတွေကို ကရင်နီ ပူးပေါင်းတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ဇူလိုင် ၄ရက်က ဖယ်ခုံမြို့နယ်ရှိ လွယ်ပသာကုန်းစခန်းနဲ့ ရွှေပြည်အေးကုန်းစခန်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၄၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းနဲ့လက်နက်ကြီးတွေကို အလွန်အကျွံ သုံးစွဲတိုက်ခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၁ဦး ကျဆုံးခဲ့တယ်လို့ KNDFက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၆ရက် မနက်ပိုင်းမှာ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးက အကြမ်းဖက်စစ်တပ်ရဲ့ သင်္ဘောပင်စခန်းကို ကရင်နီတပ်မတော် (KA) နှင့်KNDFက ထပ်မံတိုက်ခိုက်ခဲ့ရာမှာ အကြမ်း ဖက်စစ်တပ်ဘက်က ဗိုလ်လေးအဆင့်ရှိသူတစ်ဦးသေဆုံးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ (၄) မိုင် အမှတ်(၁) စခန်းကနေ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ဆိုလဆယ်နဲ့ လောကထူးကျေးရွာအကြားမှာ KNDFက အနီးကပ် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ်ဘက်က ၅ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် နေ့လည်ပိုင်းတိုက်ပွဲမှာတော့ ငွေတောင်အ​ခြေစိုက် ခမရ ၄၂၇က စစ်သား ၃ဦးသေဆုံးခဲ့တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ကတော့ ဆိုလဆယ်ရွာအနီး တိုက်ပွဲဖြစ်နေတဲ့အတွင်းမှာ ကျေးရွာနေပြည်သူ တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo- KNDF