ရန်ကုန်မှာ လှိုင်မြို့နယ်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

photo-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ရန်ကုန်တိုင်းမှာ ဒီနေ့ ဇူလိုင်လ ၅ရက်နေ့ မနက် ၇ နာရီ ၃၉မိနစ်မှာ ငလျင်တစ်ခု လှုပ်ခတ်သွား တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့ခံအများစုလည်း ငလျင်ကိုသိသိသာသာခံစားရကြောင်း ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထား ပါတယ်။
ငလျင်လှုပ်မှုကို သိသိသာသာ ခံစားခဲ့ရတဲ့ မြို့နယ်တွေမှာ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တာမွေ၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွှန့် ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ စတဲ့ နေရာအများစုမှာ ခံစားရတယ်လို့ ဆိုပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ဒီနေ့ဇူလိုင်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၇ နာရီ၊ ၃၉ မိနစ်၊ ၀၃ စက္ကန့်အချိန်မှာကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၂ မိုင် ခန့်ကွာဝေးတဲ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အရှေ့မြောက်ဘက် ၁ မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။