အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တဲ့ ဖောင်းကတာကျေးရွာအုပ်စု ဒေသခံ ၁၅ ဦးအနက် ၂ ဦးအသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင် အနီးမှာရှိတဲ့ ဖောင်းကတာကျေးရွာအုပ်စုကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ ဇွန် ၂၅ရက်၊နေ့လည်ပိုင်းက ဝင်ရောက်ခဲ့ပြီး ဒေသခံ ၁၅ဦးကို ဖမ်းဆီးကာ အဲဒီထဲက နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ရွာကတော့ အခုဟာကဖမ်းထားတာဆိုရင် ၁၅ ယောက်လောက်ရှိတယ်လို့ သတင်းရတယ်။ အဲ့ဒီ ၁၅ ယောက်ထဲကမှ သူတို့သတ်တယ်လို့သတင်းရတာကတော့ နှစ်ယောက်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူတွေဟာ ဘယ်သူ၊ ဘယ်ဝါဆိုတာမသိရသေးပါဘူး။
ကျေးရွာဘုရားရဲ့ မုဒ်နားမှာတစ်ဦးနဲ့ ရွှေမန်းဟိန်းစားသောက်ဆိုင်နားမှာတစ်ဦး သတ်ဖြတ်ခံထားရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဖောင်းကတာ ကျေးရွာအုပ်စုဟာ တုံရွာ ၅ရွာနဲ့ အနီးစပ်ဆုံး ကျေးရွာဖြစ်ပြီး ဖောင်းကတာ စက်တွင်းကြီးကျေးရွာ၊ ဖောင်းကတာလက်ခုပ်ပင်ကျေးရွာနဲ့ ဖောင်းကတာမြောက်ကျေးရွာ ၃ ခုစုဖွဲ့ထားကာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ ကျေးရွာအုပ်စုလည်းဖြစ်ပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေထဲကို စစ်အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက်အကြမ်းဖက်နေတာကြောင့် ဒေသခံ ၂၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့ ဇွန် ၂၅ ရက် တစ်နေ့တည်းမှာပဲ အကြမ်းဖက်စစ်အုပ်ဟာ လက်ပံတောင်းတောင် အနီးမှာရှိတဲ့ တုံရွာမ ၊ တုံအလယ်တော ၊ တုံရွာသစ် ၊ တောကျောင်း ၊ အလယ်ရွာကျေးရွာစတဲ့ တုံရွာ၅ရွာထဲက ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံ ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။